မော်လမြိုင်၊ ဖေဖော်ဝါရီ(၁၀)

စစ်ကောင်စီရဲ့ နျူကလီးယားအစီအစဉ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ခြိမ်းခြောက်လာနိုင်တာကြောင့် အစမပျိုးခင်မှာပဲ အမြန်ဆုံးရပ်တန့်နိုင်အောင် ဝိုင်းဝန်ဖြေရှင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက သတိပေးလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရုရှားနိုင်ငံရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖြစ်တဲ့ နျူကလီး ယား နည်းပညာသတင်းအချက်အလက်စင်တာကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

စင်တာဖွင့်လှစ်ပြီးနောက် စစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့ဟာ နျူကလီးယားနည်းပညာဆိုင်ရာ လုပ်ငန်းစဉ် ၁၄ ခု အကောင်အထည်ဖော်သွားဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တာပါ။

သဘောတူညီချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံတက်ဆောက်ဖို့ ၊ နျူ ကလီးယားစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါးထုတ် လုပ်ရေး၊ စက်မှုလုပ်ငန်းတွေနဲ့ လူသားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီရဲ့ နျူကလီးယား အစီအစဉ်ဟာ ရှေရှည်မှာ အန္တရာယ်ရှိနိုင်တာကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားတဲ့ နိုင်ငံတွေအနေနဲ့ အခုအချိန်ကတည်း ရပ်တန့်နိုင်အောင် ဝိုင်းဝန်ဖြေရှင်းကြဖို့ သတိပေးတာပါ။

“လက်ရှိအချိန်မှာတော့ နျူးကလီးယားလက်နက်လိုဟာမျိုးတွေ စစ်ကောင်စီလက်ထဲကို ရောက်သွားမလားဆိုတဲ့ ကိစ္စကတော့ ချက်ချင်းလတ်တလောကြီးဖြစ်လာဖို့ စောသေးတယ်လို့ ပြောနိုင်တယ်။ဒါပေမယ့်လည်းရုရှားနဲ့ လည်း ဒီထက်ပိုတဲ့ ပူးပေါင်းမှုတွေနဲ့အတူ ဒီမြန်မာနိုင်ငံတင်မကဘူး။ ဒေသတွင်းတင်မကဘူး။ တကမ္ဘာလုံးကို ခြိမ်းခြောက်မယ့် အနေအထားမျိုးအထိ ကြီးထွားလာမယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ အဲဒီအတွက် ကြောင့် ဒီလိုမျိုးကိစ္စတွေကို အစကလည်းက စတင်ဖို့ကြိုးစားတဲ့ အချိန်တည်းက အချိန်မနှောင်းခင်မှာ အမြန် ဆုံးရပ်တန့်အောင် ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားတဲ့ တိုင်းပြည်တွေအနေနဲ့ ဝိုင်းဝန်းပြီး တော့ စုစည်းဖြေရှင်းကြဖို့ ကြိုးစားသင့်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ရုရှားနိုင်ငံအစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းတို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက မြန်မာနိုင်ငံမှာ နျူကလီးယာားဓာတ်အားပေးစက်ရုံတက်ဆောက်ဖို့ ဖြစ်နိုင်ခြေ အလားလာတွေကို ပူးပေါင်းလေ့လာဖို့ နားလည်မှုစာချွန်လွှာ ရေးထိုးထားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ စက်ရုံတည်ဆောက်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ နျူကလီးယားစွမ်းအင်ကို ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာပဲ ငြိမ်းချမ်းစွာနဲ့ အကျိုးရှိရှိ အသုံးချသွားမယ်လို့ ပြောဆိုထားပါတယ်။

CDM ဗိုလ်ကြီးကောင်းသူဝင်းကတော့ စစ်ကောင်စီအနေနဲ့ နျူကလီးယားစွမ်းအင်ကို အကျိုးရှိရှိ အသုံး ချသွားမယ်လို့ပြောဆိုထားပေမယ့် တဖက်မှာ နျူကလီးယားလက်နက်တွေပါ ထုတ်လုပ်လာနိုင်မယ်လို့ ပြောပါတယ်။

“စစ်အစိုးရလက်ထက်ကတည်းက နျူကလီးယားနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်လာတာတွေ ရှိသလို အဲဒီအတွက် နျူကလီးယားလက်နက်ခဲယမ်းတွေနဲ့ဆိုင်တဲ့ဟာတွေ တည်ဆောက်ဖို့အတွက်ဆိုရင် ရွေးချယ်ထားတဲ့နေရာ၊ ရွေးချယ်ထားတဲ့ အခြေခံအုတ်မြစ်တွေ၊ အဲဒီလိုမျိုးတွေကရှိပြီးသားလို့ ယူဆလို့ရတယ်ပေါ့ နော်။ အဲဒီအတွက် သူတို့တစ်ကနေပြီး စတင်ပြီးတော့လုပ်ရမှာတော့ မှန်တယ်။ ရှိပြီးသားနေရာကို ပြန်လည်ပြီးတော့ မွမ်းမံပြီးတော့ တည်ဆောက်လာနိုင်တယ်။ အဲဒီအတွက်သူတို့အနေနဲ့ နျူကလီး ယားနဲ့ ပတ်သက်ရင် ရှေ့မှာပြောတာတစ်မျိုး၊ သူတို့လုပ်နေတာတစ်မျိုး၊ နောက်မှာလည်း နောက်တစ်မျိုးလုပ်နိုင်တယ်ပေါ့နော်။ နှစ်မျိုးစလုံးကို တပြိုင်နက်တည်း တည်ဆောက်လာနိုင်မယ်လို့ ထင်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ စစ်ကောင်စီအနေနဲ့ နျူကလီးယားလက်နက်တွေကို ပိုင်ဆိုင်နိုင်ဖို့ အများကြီးကြိုးစားလာနိုင်သလို လူထုတွေအပေါ် စစ်အာဏာတည်မြဲရေးအတွက် ခြိမ်းခြောက်လာနိုင်တယ်လို့လည်း CDM ဗိုလ်ကြီး ကောင်းသူဝင်းက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း စစ်ကောင်စီအနေနဲ့ ဒေသတွင်း အုပ်ချုပ်ရေး ဩဇာအာဏာတည်မြဲဖို့ ဆန္ဒရှိနေတဲ့အတွက် နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ ရရှိလာတဲ့ အခွင့်အလမ်းပေါ်မူတည်ပြီး အမိအရဆုပ်ကိုင်မယ့် သဘောရှိတယ်လို့ သုံးသပ်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.