မော်လမြိုင်၊ ဖေဖော်ဝါရီ(၉)

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းအန္တရာယ်ဟာ အာဏာသိမ်းမှုအကျိုးအဆက်နဲ့အတူ ပြန်လည်ကြီးထွားလာပြီး ဒေသခံပြည်သူလူထုတွေရဲ့ အသက်အန္တရာယ်ကိုပါ ထပ်မံခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

နိုင်ငံတကာ မိုင်းတားမြစ်ရေးစာချုပ်ကို အတည်ပြုပြီး (၂၅) နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ မြေမြှုပ်မိုင်းတွေကို အင်နဲ့ အားနဲ့အသုံးပြုနေတာဟာ မြန်မာနဲ့ရုရှားတို့နှစ်နိုင်ငံသာ ရှိတော့တယ်လို့ Human Right Watch Network က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

အဲဒီအစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ ၁၉၉၉ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းတွေကို အသုံးပြုခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အသုံးပြုမှု ပိုမိုမြင့်တက်လာပြီး အများဆုံးအသုံးပြုတဲ့ နိုင်ငံ တွေထဲ ပါဝင်လာခဲ့တာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း ကျိုက်ထို၊ဘီးလင်းနဲ့ ရေးမြို့နယ်တို့မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၁၀ ဦးထက်မနည်း ရှိနေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ကနေ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ တစ်ပတ်အတွင်း ရေးမြို့ နယ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ ၃ ဦးအထိ ရှိလာခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အကြီးအကျယ်ဒဏ်ရာရသူ တစ်ယောက်ရှိတယ်၊ ခြေထောက်နဲ့ နင်းမိတာ ခြေထောက်ပြတ်သွားတယ်။ ဆိုင်ကယ်နဲ့ကျတော့ တစ်ဦးကတော့ ဒဏ်ရာမရရှိဘူး၊ ပြီးတော့ ဆိုင်ကယ်ပျက်စီးသွားတယ်။ နောက်တစ်ဦးကျတော့ ခြေထောက်နည်းနည်း ထိသွားတာပေါ့။ မိုင်းအစတွေက ခြေထောက်ကို ထိသွားတာ”လို့ သူက သံလွင် တိုင်းမ်ကို ပြောပြပါတယ်။

ရေးဒေသခံထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြေမြှုပ်မိုင်းတွေဟာ ရေးမြို့နယ် ကြိုးတံတားကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းက သူတို့စခန်းနဲ့ တစ်မိုင်လည်ပတ်မှာ ထောင်ထားတဲ့မိုင်းတွေဖြစ်တယ်လို့ ဒေသခံတွေက အခိုင်အမာပြောဆိုနေကြတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက် ကွဲစေတတ်တဲ့ ပစ္စည်းအကြွင်းအကျန်တွေကြောင့် အရပ်သား ၁၅၇ ဦး သေဆုံးကာ ၃၉၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ သုံးပုံတစ်ပုံဟာ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း Human Right Watch Network အစီ ရင်ခံစာမှာ ဖော်ပြထားတာပါ။

ဒါ့အပြင် စစ်တပ်က အိမ်တွေ၊ ရွာလမ်းတွေ၊ ဘုရားကျောင်းဝင်းတွေနဲ့ ခြံတွေမှာ မြေမြှုပ်မိုင်းတွေချ ထားပြီး မိုင်းတွေ ဖောက်ခွဲဖို့အတွက် အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့ ဆက်လက်လုပ် ဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။

မွန်လူငယ်ဆုံရပ် (MYF) ပြောခွင့်ရ နိုင်မြင့်စိုးကတော့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ တိုက် ပွဲတွေဖြစ်ရင် ပြည်သူတွေထိခိုက်နစ်နာတာရှိတဲ့အတွက် မြေမြှုပ်မိုင်းထောင်တာကို ရှောင်ရှားပေးဖို့ တိုက်တွန်းထားပါတယ်။

“အခုဒီ စကစနဲ့ တစ်ဖက်က တော်လှန်ရေးလုပ်နေတဲ့အဖွဲ့တွေနဲ့ စစ်ဖြစ်ရင် သူတို့က (စကစ) ရန်သူကို ကာ ကွယ်တဲ့ပုံစံနဲ့ သူတို့လုပ်တယ်။ ဒါပေမယ့်လည်း Public ဧရိယာဖြစ်တဲ့အခါကျတော့ ပြည်သူတွေ ထိခိုက် နစ်နာတာ ရှိတယ်။ ဒီအတွက်ကြောင့် ဘယ်လိုဖြစ်ဖြစ် အတတ်နိုင်ဆုံး ပြည်သူတွေ သွားလာလှုပ်ရှားနေတဲ့ ဒေသတွေမှာ ဖြစ်နိုင်ရင် တိုက်ပွဲတွေ မဖော်ဆောင်ကြပါနဲ့လို့။ မြေမြှုပ်မိုင်းကျ ပြည်သူတွေသွားလာတဲ့ ဧရိယာ ဖြစ်တဲ့အခါကျ အတတ်နိုင်ဆုံး ရှောင်ရှားပေးဖို့ တောင်းပန်ချင်တယ်” လို့ သူက ဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ နေရာမှာ ရှောင်ရှားကြဖို့ အကြံပြုပြီး မြေမြှုပ်မိုင်းရှင်းလင်းတဲ့ အဖွဲ့တွေအနေနဲ့လည်း လက်ရှိကာလမှာ လူမှုကွန်ရက်ကနေ ပြည်သူတွေကို အသိပညာပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ကလေးသူငယ် ၅၀ ထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF) က ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြေမြှုပ်မိုင်းရှင်းလင်းရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ မရှိသလောက် နည်းပါးနေပြီး UNICEF ကတော့ မြေမြှုပ်မိုင်းအသုံးပြုမှုတွေ ရပ်တန့်ရေးနဲ့ ရှိနှင့်ပြီးတဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက် ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှင်းလင်းကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.