သထုံ၊ ဖေဖော်ဝါရီ(၉)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် အုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံ ၅၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ပထမအပတ်အတွင်း သထုံမြို့နယ် ထုံးဘိုကြီးနဲ ထုံးဘိုလေးကျေးရွာ၊ ဘားအံမြို့နယ်ထဲက မင်းစောကျေးရွာ၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာထဲကို လက်နက်ကြီးနဲ့ နေ့ စဉ်နဲ့အမျှ ပစ်ခတ်ခဲ့တာပါ။

ဒါ့အပြင် ဖေဖော်ဝါရီ ၇ ရက်နေ့ ညကလည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ပတ်ဝန်းကျင်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် လက်ရှိမှာ ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူလူထု ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေနဲ့ နီးစပ်တောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီ ဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံဗတွကတော့ KNU အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်နေပေမယ့် စားနှပ်ရိက္ခာ၊ အနွေးထည်၊စောင်နဲ့ခြင်အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်လက်လိုနေတယ်လို့ ဆိုပါတယ်။

KNU သထုံခရိုင်ထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.