အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေး မြန်းချက်။

အာဏာသိမ်း စစ်ကောင်စီဟာ ရုရှားအကူအညီနဲ့ နျူးကလီးယားနည်းပညာသတင်းအချက်အလက် စင်တာကို ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကဖွင့်လှစ်ခဲ့ပြီးနောက်နျူးကလီးယား နည်းပညာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဟာ

ရုရှားနည်းပညာနဲ့ နျူးကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့နဲ့ နျူးကလီးယားလုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်သွားဖို့ စီစဉ်ထားပါတယ်။ ဒီလို စစ်ကောင်စီဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေအပေါ် NUG အနေနဲ့ သဘောထားအမြင်တွေ၊ နျူကလီးယား အကျိုးဆက်တွေနဲ့  နိုင်ငံတကာကဖိအားပေးဖို့ အ ခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးစစ်ကောင်စီက ဆောင်ရွက်နေတဲ့ နျူးကလီးယားနည်းပညာတွေနဲ့ ပတ်သက်ပြီး NUG အနေနဲ့ ဘာတွေ လုပ်ဆောင်နေလဲ။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ရုရှားကစစ်ကောင်စီကို အကူအညီပေးနေတာတွေက အများဆုံးလို့ပြောလို့ရ တာ ပေါ့နော်။ စစ်လက်နက်ပစ္စည်းတွေရောင်းချတာလည်း အချက်အလက်တွေအရ သိရှိရတယ်။ အခုဆို နျူကလီးယား စွမ်းအင် ကိစ္စပေါ့နော်။ ဒီဟာကိုစတင်လာတာတွေ ရှိတယ်။ အဲဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကတော့ လေ့လာပြီးတော့ အချက်အလက်တွေကို ရသလောက် စုဆောင်းနေတာတွေ ရှိတယ်။ အဲဒီလိုစုဆောင်းထားတဲ့ အချက်အလက်တွေကို ကိုယ်တွေ NUGအစိုးရတစ်ရပ်ထဲ မဟုတ်ပဲနဲ့ ဒါကမ္ဘာ့နိုင်ငံ အ သီးသီးကိုလည်း ဒီအချက်အလက်တွေ အချိန်နဲ့တပြေးညီ ရရှိသမျှအချက် အလက်တိုင်းကို ပေးပို့နေတာတွေ ရှိပါတယ်။

-စစ်ကောင်စီလက်ထဲ နျူးကလီးယားရောက်သွားရင် အကျိုးဆက်အနေနဲ့ တိုင်းပြည်က ဘာတွေဆက်ဖြစ်လာ နိုင်ဖွယ်ရှိမလဲ။

အစကတည်းက ပြောထားပြီးသားပေါ့။ ဒီမင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျွန်တော်တို့ မြန်မာပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေအတွက် အန္တရာယ်ရှိရုံတင်မကဘူး။ ပထမအဆင့်တော့ ဒေသတွင်း အာဆီယံလိုနိုင်ငံတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးကိုပါ ထိခိုက်တဲ့အစုအဖွဲ့အနေနဲ့ ကြီးထွားလာတယ်ဆိုတာ ကို အစဉ်စိုက်မပြတ် ဒါပြောလျက်ရှိပါတယ်။ ဒီထက် ပိုပြီးတဆင့်တက် ပြောရမယ်ဆိုရင် ဒေသတွင်းတင် မကဘူး ပေါ့။ အကြမ်းဖက်လက်နက်နဲ့ ပြည်သူလူထုကို အနိုင်ကျင့်လို့ရ တယ်ဆိုတဲ့ အယူအဆလွှမ်းမိုးသွားမယ်ဆိုရင် နောက်တစ်ခု ကိုယ့်ရဲ့အာဏာကို ထိပါးရင် ဘယ်လူမျိုးကိုမှ သည်းမခံပဲ ရက်စက် ကြမ်းကြတ်မယ်ဆိုတဲ့ လုပ်ရပ် မျိုးတွေလည်း ဆက်ပြီးလုပ်နေဦးမယ်ဆိုရင်တော့ ဒါဒေသတွင်းတွင်မကပဲ ကမ္ဘာ့နိုင်ငံ အသီးသီး အတွက်လည်း အန္တရာယ်ရှိတဲ့ အစုအဖွဲ့အနေနဲ့ ဖြစ်လာနေပြီဆိုတာ ဒါကျွန်တော်တို့ ပြောချင်ပါတယ်။ အဲဒီမှာမှ ရှရှားနဲ့လိုတာ ထက်ပိုတဲ့ ပူးပေါင်းမှုတွေကို ဆောင်ရွက်လာတာတွေ ကျွန်တော်တို့ တွေ့ရတယ်။ ဒီလိုကိစ္စတွေကလည်း ကမ္ဘာကြီးရဲ့ ငြိမ်းချမ်း ရေးကို ထိပါးလာနိုင်တဲ့ အနေအထားတွေ ဖြစ်ပါတယ်။

-အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အခုဆို နျူးကလီးယားနည်းပညာကို စတင်နေပြီဖြစ်တဲ့အတွက် NUG အနေနဲ့ နိုင်ငံတကာကနေ တဆင့် စစ်ကောင်စီကို ဘယ်လိုမျိုးဖိအားပေးဖို့ ရှိနေမလဲ။

လက်ရှိအချိန်မှာတော့ နျူးကလီးယားလက်နက်လိုဟာမျိုးတွေ စစ်ကောင်စီလက်ထဲကို ရောက်သွားမလားဆိုတဲ့ ကိစ္စကတော့ ချက်ချင်းလတ်တလောကြီးဖြစ်လာဖို့ စောသေးတယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့်လည်း အကြမ်း ဖက်စစ်အုပ်စုက သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် ရေရှည် PLAN စဉ်းစားတဲ့အနေအထားလို့ပဲ ကျွန်တော် တို့ သုံးသပ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒါအခုဆိုရင်အစပျိုးတယ်လို့ နားလည်လက်ခံထားတယ်။ ဒီလို မျိုး အစပျိုးတဲ့ကိစ္စကို အစောတလျင် ဖြေရှင်းနိုင်ဖို့ မရှိဘူးဆိုရင် ကျွန်တော်တို့ နောက်ထပ် အရှေ့တောင်အာရှ တခွင်မှာပေါ့။ ရုရှားရဲ့လက်ကိုင်တုတ်။ နောက်ပြီးတော့ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသား တင်မကဘူး ဒေသတွင်းကိုပါ၊ ကမ္ဘာကြီးကိုပါ အချိန်မရွေးဒုက္ခပေးနိုင်တဲ့ ယမ်းအိုးကြီးပုံစံပေါ့။ ဒီလိုပုံစံမျိုးကြီးကို မြန်မာနိုင်ငံက ဖြစ်သွားနိုင်တဲ့ အလားအလာရှိသွားနိုင်ပါတယ်။

ဒီအကြမ်းဖက်စစ်အုပ်စုကသာ ဒီလိုမျိုးထင်ရာလုပ်ပိုင်ခွင့်တွေကို ဆက်လက်ရရှိနေမယ်ဆိုရင်တော့ ရုရှားနဲ့ လည်း ဒီထက်ပိုတဲ့ ပူးပေါင်းမှုတွေနဲ့အတူ ဒီမြန်မာနိုင်ငံတင်မကဘူး။ ဒေသတွင်းတင်မကဘူး။ တကမ္ဘာလုံးကို ခြိမ်းခြောက်မယ့် အနေအထားမျိုးအထိ ကြီးထွားလာမယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ အဲဒီအတွက် ကြောင့် ဒီလိုမျိုးကိစ္စတွေကို အစကလည်းက စတင်ဖို့ကြိုးစားတဲ့ အချိန်တည်းက အချိန်မနှောင်းခင်မှာ အမြန် ဆုံးရပ်တန့်အောင် ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားတဲ့ တိုင်းပြည်တွေအနေနဲ့ ဝိုင်းဝန်းပြီး တော့ စုစည်းဖြေရှင်းကြဖို့ ကြိုးစားသင့်ပါတယ်။

-နောက်ဆုံးအနေနဲ့ နျူးကလီးယားနဲ့ ပတ်သက်ပြီး နိုင်ငံတကာကိုရော ဘယ်လိုမျိုး တိုက်တွန်းချင်တာရှိမလဲ။

ရုရှားကလည်း သူ့ရဲ့ဩဇာအာဏာကို ဒီဘက်အရှေ့တောင် အာရှတခွင်ပေါ့။ အာရှပိုင်းကို ချဲ့ထွင်ဖို့ ခြေတ လှမ်းလှမ်းရတဲ့ သဘော ပဲ။ အဲဒီလိုပဲ အကြမ်းဖက်စစ်အုပ်စုကလည်း သူတို့ အာဏာတည်မြဲရေးအတွက်ကို ဘယ်သူမျက်နှာမှ ငဲ့မှာမဟုတ်ဘူးပေါ့။ ဘာကိုမှ လည်း စဉ်းစားမှာမဟုတ်ဘူး။ သူတို့အာဏာတည်မြဲရေး တစ်ခုတည်းအတွက် ရုရှားကိုတစ်နိုင်ငံလုံးပေးဆိုလည်း ပေးလိုက်မယ်။ သူတို့အတွက်သာ အာမခံမယ်ဆိုရင် ဘယ်အရာကိုမဆို ရုရှားကိုပေးလိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သဘောရှိတယ်ပေါ့။ အဲဒီအတွက် ကြောင့်မို့ ကျွန်တော်တို့က အကြမ်းဖက်စစ်အုပ်စုနဲ့ ရုရှားရဲ့ ပူးပေါင်းမှုဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက်မှ မဟုတ်ဘူး။ ဒေသတွင်းအာဆီယံလို နိုင်ငံတွေအတွက် တခြားအင်အား ကြီး နိုင်ငံတွေအတွက်ရော ဘယ်လိုမှကောင်းတဲ့ အလားအလာမဟုတ်တဲ့အတွက်ကြောင့် မစခင်ကပဲ ကျွန်တော်တို့ စတင်ဖို့ ကြိုးစားနေတဲ့ ချိန်မှာ အမြန်ဆုံး တားဆီးနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြသင့်တယ်လို့ မြင်ပါတယ်ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.