ရေး၊ ဖေဖော်ဝါရီ(၉)

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ရေးမြို့နယ်အပါအဝင် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၇ မြို့နယ် ကို စစ်အုပ်ချုပ်ရေး(Martial Law) အဖြစ် ကြေညာပြီးနောက် ညမထွက်အရအမိန့်ကို အချိန်ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ ပုဒ်မ ၁၄၄ အရ ရေးမြို့နယ်အတွင်း မနက် ၆ နာရီကနေ ည ၆ နာရီအတွင်း တုတ်၊ ဓားလက်နက် ကိုင်ဆောင်ခြင်းမပြုရ၊ လူ ၅ ဦးထက် ပိုမစုရ၊ စီတန်းလှည့်လည်တာ၊ စုရုံးဟောပြောခြင်းမပြုဖို့နဲ့ လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

ရေးဒေသခံတွေကတော့ စစ်ကောင်စီက ညမထွက်ရအချိန် ထပ်တိုးမြှင့်လိုက်တာကြောင့် စီးပွားရေး၊ ကျန်းမာရေးနဲ့ သွားရေးလာရေးကအစ အခက်အခဲရှိလာတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်ကြောင့် ဒေသခံတွေရဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာနိုင်သလို ညရေးညတာ ကျန်းမာရေးကိစ္စတွေ ဖြစ်ပေါ်လာပါက အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်ကို ပြီးခဲ့တဲ့ကာလတွေတုန်းက ညမထွက်ရအချိန်ကို ည ၈ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ရေးမြို့နယ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်စခန်းတွေနဲ့ ဌာနဆိုင်ရာတွေ မကြာခဏတိုက်ခိုက်ခံရပြီး နယ်မြေစိုးမိုးမှုအခြေအနေအရ ကျေးရွာတချို့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပါတယ်

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.