မော်လမြိုင်၊ ဖေဖော်ဝါရီ(၉)

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အထွေထွေ အကျပ်အတည်းတွေကြောင့် တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်း အားလုံးနီးပါး ရပ်နားလိုက်ရပြီလို့ မွေးမြူရေးလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းတွေဟာ မွေးမြူရေးသုံး သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ဆေးဈေးတွေ အဆမတန်မြင့်တက်လာတာ၊ ကြက်ခြံဆောက်လုပ်ရေး စရိတ်ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ်နဲ့ လုပ်အားခတွေပါ မြင့်တက်နေတာကြောင့် လုပ်ငန်းတွေ ရပ်နားလာရတာ ဖြစ်ပါတယ်။

တဖက်မှာတော့ မွေးမြူရေးလုပ်ငန်းတွေဟာ ထိုင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့ အေးခဲအသားတွေကြောင့် ဈေးကွက်မယှဉ်နိုင်တော့အတွက် လုပ်ငန်းတွေ အပြီးပိုင်ရပ်နားလာရတာပါ။

မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကတော့ တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းတွေဟာ ကုမ္ပဏီကြီးတွေနဲ့ ဈေးကွက်အတွင်း ယှဉ်ပြိုင်မွေးမြူနိုင်စွမ်းမရှိတာအပြင် အထွေထွေ အခက်အခဲတွေကြောင့် လုပ်ငန်း ၈၀ ရာခိုင်နှုန်းထက်မနည်း ရပ်နားသွားရပြီလို့ ပြောပါတယ်။

“တော်တော်များများကတော့ နားသွားတယ်ပေါ့။ ကျန်တာ အနည်း၊အကျဉ်းလောက်ပဲ ကျန်မယ်။ နောက်တစ်ခုက ကုမ္ပဏီကြီးတွေက မွေးတဲ့ခြံတွေကတော့သူကတော်တော်များများ ရှိလာတာဖြစ်တဲ့အတွက် ဒေသခံအနည်း အကျဉ်းမွေးတဲ့သူတွေမှာကျတော့လေ သူတို့နဲ့ ယှဉ်ပြိုင်ပြီးတော့မလုပ်နိုင်တော့ဘူး။ လုပ်ငန်းတွေ ရပ်လိုက်ကြရတာပေါ့။ အခုကတော့ ကျွန်တော်တို့ခန့်မှန်းတာက ဥစားကြက်ခြံ ၈၀ရာခိုင်နှုန်းလောက်က နားသွားပြီ။ အသား အတွက်ကတော့ ၇၀ ရာခိုင်နှုန်းလောက်က နားသွားကြပြီ” လို့ သူက ဆိုပါတယ်။

တဖက်မှာတော့ ဒေသတွင်း တစ်နိုင်တစ်ပိုင် မွေးမြူသူတွေဟာ ကုမ္ပဏီကြီးတွေကနေတစ်ဆင့် သွင်းအားစုတွေကို ပြန်လည်ဝယ်ယူရတာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ် ပိုမိုကုန်ကျသလို ကုမ္ပဏီကြီးတွေရဲ့ ဈေးကွက်အတွင်း ဈေးကစားမှုဒဏ်ကို မခံနိုင်တဲ့အတွက်လည်း အရှုံးပေါ်ပြီး ရပ်နားလိုက်ရတာ ရှိတယ်လို့ ဆိုပါတယ်။

မွေးမြူရေးခြံပိုင်ရှင် တစ်ဦးကလည်း မွေးမြူရေးသွင်းအားစုစရိတ်တွေ အဆမတန်မြင့်တက်နေတာကြောင့် အရင်လိုကြက်တွေကို မမွေးမြူတော့သလို တချို့တွေဆိုရင် ကြက်ခြံတွေရောင်းပြီး တဖက်နိုင် ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်တာတွေပါ ရှိလာတယ်လို့ ဆိုပါတယ်။

“ခါတိုင်းဆို အစတုန်းက ကြက်တွေမွေးတယ်။ အခုကမွေးဖို့ဆိုရင် အစာတစ်အိတ်ကို ရှစ်သောင်းကျော်၊ ကိုးသောင်းဖြစ်နေပြီ။ အကောင်တစ်ထောင်မှာဆိုရင် အနည်းဆုံးအိတ်တစ်ရာကျွေးရမယ်ဆိုရင် သိန်းကိုးဆယ်လောက်ရှိတယ်ဟုတ်။ ကာကွယ်ဆေးတွေကလည်း အရင်ကထက်ကို ဈေးကနှစ်ဆ ဖြစ်သွားပြီ။ ကြားထဲမှာ အသေအပျောက်တွေဘာတွေ ဖြစ်သွားရင်လည်း ကိုယ့်အတွက် အများကြီးဆုံးရှုံးနစ်နာမယ်။ အမြတ်တွေ သိပ်မကျန်ဘူး။ ကြားထဲရောဂါကူးတာ အသေအပျောက်အကောင်တစ်ရာလောက်ဆိုရင်ကို ကိုယ့်အတွက် နှစ်ဆယ်၊ သုံးဆယ်ကရှုံးသွားပြီ။ ကြားထဲမှာ ကြက်သားပေါက်တွေက တစ်ကောင်ကို ၁၅၀၀ပဲထားလိုက်ဦး။ အကောင်တစ်ရာဆိုရင် ဆယ့်ငါးသိန်း၊ ဘာမှမကျန်ဘူး။ ကြက်ခြံတွေကိုရောင်းပြီးတော့ ဘာမှမမွေးတော့ပဲ နိုင်ငံခြားမှာပဲ အလုပ်သွားလုပ်ကြတယ်” လို့ သူက ပြောပါတယ်။

တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ကိုင်သူတွေဟာဆိုရင် ဈေးကွက်အတွင်း အရှုံးပေါ်နေတာကြောင့် အရင်လို မွေးမြူရေးမလုပ်နိုင်တော့ဘဲ လျော့ချလုပ်ကိုင်တာတွေရှိသလို အပြီးပိုင် ရပ်နားလာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒေသတွင်း မွေးမြူရေးလုပ်ငန်းတွေ ရပ်နားလာတာကြောင့် မွေးမြူရေးလုပ်ငန်း ကျွမ်းကျင်သူတွေ အနေနဲ့ အလုပ်လက်မဲ့ဖြစ်မှုနှုန်းတွေ မြင့်တက်လာပြီး တဖက်နိုင်ငံတွေကို တရားမဝင်လမ်းကြောင်းတွေကတဆင့် သွားရောက်လာကြတဲ့အတွက် မကြာခဏဆိုသလို ဖမ်းဆီးခံရတာတွေ ရှိလာတာပါ။

ရေရှည်ဒေသတွင်း တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်သွားပါက ဒေသတွင်း အသား ထုတ်လုပ်မှုတွေ လျော့ကျလာနိုင်သလို တဖက်နိုင်ငံတွေက တရားမဝင် အေးခဲအသားတွေ အလုံးအရင်နဲ့ ဝင်ရောက်လာပါကလည်း ဒေသခံတွေရဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိလာနိုင်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

မွန်ပြည်နယ်မှာတော့ မွေးမြူရေး လုပ်ငန်း အနေနဲ့ အသားစားကြက်၊ ဥစားကြက်၊ ဝက်နဲ့ ငါးမွေးမြူရေး လုပ်ငန်းတွေကို အဓိကလုပ်ကိုင်တာဖြစ်ပြီး ဆိတ်၊ ဘဲ၊ နွားနဲ့ ငုံမွေးမြူရေး လုပ်ငန်းတွေကိုလည်း အ နည်းငယ် လုပ်ကိုင်တာရှိကာ လက်ရှိမှာတော့ မွေးမြူရေး လုပ်ငန်းအားလုံးနီးပါး ဆက်လက်ရပ်တည်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.