ဝေါလေ၊ ဖေဖော်ဝါရီ(၉)

နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ရေးဆက်လက် တင်းမာနေတာကြောင့် KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ ကရင်ပြည်နယ် ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) အမှတ် (၈)တပ်ရင်းမှ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ပိုင်း ဝေါ်လေဒေသအနီး ထီးကပလယ်ကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ (၃၁)ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်ခွဲမှူး(၂)ဦးအပါအဝင် (၄)ဦး သေဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်စခန်းကို KNDO ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်အပြီး ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို ဒီကနေ့ကစပြီး အရပ်သား၊ အဖွဲ့အစည်း မည်သည့်ကား၊ ဆိုင်ကယ်တွေမဆို လုံး၀ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ KNDO ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါထားပါတယ်။

အသိပေးထုတ်ပြန်ထားတဲ့နေ့ကစလို့ တိုက်ပွဲပြီးဆုံးတဲ့အချိန်ထိ ဘယ်အကြောင်းကိစ္စမဆို ဖြတ်သန်းသွားလာခွင့် ပြုမှာမဟုတ်ဘဲ ဒီထုတ်ပြန်ချက်အပေါ်မှာ လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမယ့် နောက် ဆက်တွဲအကျိုးဆက်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ KNDO ကဆိုထားပါတယ်။

လတ်တလောမှာတော့ မြဝတီမြို့တောင်ဘက်ပိုင်း ဝေါ်လေဒေသအနီးမှာ စစ်ကောင်စီတပ်နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေအကြား စစ်ရေးအခြေအနေ တင်းမာနေတာလည်း ဖြစ်ပါတယ်။

KNDO တပ်ရင်း(၈)က ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တာဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နိုင်လို့ အရပ်သားပြည်သူတွေအပေါ် ထိခိုက်မှုရှိလာမှာ စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို ပြီးခဲ့တဲ့ (၂၀၂၂)ခုနှစ် မတ်လပိုင်းက KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးရာ အောက်စခန်းကုန်းနေရာအထိ သိမ်း ပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကနေ လေကြောင်းပစ်ကူနဲ့ ပြန်လည်ပစ်ကူပေးတဲ့အတွက် ပူးပေါင်းတပ်ဖွဲ့က စခန်းကိုမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရတာဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.