မော်လမြိုင် ၊ ဖေဖော်ဝါရီ (၈)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လျှပ်စစ်မီးဖြန့်ဝေပေးမှုကို အလှည့်ကျစနစ်နဲ့ တစ်ကြိမ်လျှင် အချိန် ၂ နာရီသာ ပေးနိုင်တော့မယ်ဆိုတဲ့ စစ်ကောင်စီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းရဲ့ ထုတ်ပြန်ချက်ကြောင့် ပိုမိုအခက်ကြုံလာရနိုင်တယ်လို့ မြို့ခံတွေနဲ့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ မော်လမြိုင်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးရာမှာ မော်လမြိုင်မြို့ပေါ်နဲ့ ရပ်ကွက်ကျေးရွာတွေကို အုပ်စု (၃)စု ခွဲပြီး တစ်ကြိမ်ကို အချိန် (၂)နာရီ နဲ့ တစ်ရက်လျှင် ၄ ကြိမ် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးသွားမယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။
လျှပ်စစ်မီး ဖြန့်ဝေးပေးမှုအရ မော်လမြိုင်ဒေသခံပြည်သူတွေဟာ တစ်ရက်ကို လျှပ်စစ်ဓာတ်အား အချိန် ၈ နာရီသာရရှိမှာဖြစ်ပြီး ဓာတ်အားရရှိတဲ့အပေါ် မူတည်ကာ လျှပ်စစ်ဓာတ်အားပေးချိန် အပြောင်းအလဲ ရှိနိုင်တယ်လို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ဆိုထားပါတယ်။
မော်လမြိုင်မြို့ခံတစ်ဦးကတော့ လျှပ်စစ်မီးတစ်နေ့ကို (၂)နာရီခြားပြီးသာ ရရှိတော့တဲ့အတွက် ချက် ပြုတ်ဖို့ အပြင် တခြားအလုပ်တွေပါ နှောင့်နှေးစေသလို နောက်ပိုင်းလျှပ်စစ်မီးရရှိမှုတောင် ရှိပါတော့မလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“တစ်နေ့ (၂)နာရီ လာမယ်ဆိုလည်း ထမင်းချက်ရတဲ့သူတွေ နေ့တိုင်းဒီမီးနဲ့လုပ်ရတဲ့အလုပ်တွေ အကုန် လုံးက နှောင့်နှေးသွားမှာပေါ့။ တစ်နေ့ ပုံမှန်လေးတွေ စက်ချုပ်လို့ ရှိရင်လည်း (၁၀)ထည် ချုပ်တဲ့နေရာမှာဆို (၅) ထည်လောက်ပဲ ချုပ်တော့မှာပေါ့။ ကျွန်တော်တို့က တစ်နေကုန်ပင်ပန်းပြီး ညဘက်ကျမှ အေးဆေးအိပ်ရတာလေ။ (၂)နာရီခြားလာမယ်ဆို ညဘက် အိပ်ရတာလည်း နည်းနည်းခက်ခဲမှာပေါ့။ ဒီအစိုးရ လက်ထက်မှာတော့ ဒီအတိုင်းဘဲ ပိုဆိုးလာဖို့ဘဲရှိတယ်။ ပိုကောင်းလာဖို့က မရှိဘူး။ ဒီလိုပဲ လုပ်နေမှာဘဲလေ။ နောက်ဆို မီးလာဖို့တောင် ရှိပါတော့မလား။ အခုတောင် (၂)နာရီ (၂)နာရီ ဖြစ်နေတယ်ဆိုတော့။ အမှန်မှာ လျှပ်စစ်အားက တစ်နိုင်ငံလုံး အတိုင်းအတာတစ်ခုမှာ မြို့နယ်တွေကို ပေးထားတဲ့ အားတွေကတူတူလောက်ပဲ၊ သူတို့ ဘာသာသူတို့ ဆီဖိုးခိုတာလား၊ သူတို့လက်ထဲမှာဘဲ ဘာမှလုပ်လို့မရဘူး”လို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်သူတွေဟာ လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုကြာမြင့်လာတာကြောင့် ချက်ပြုတ်ရာမှာ ထင်း၊ မီးသွေးနဲ့ ဂတ်စ်တွေအပြင် ညဘက်တွေမှာလည်း အားသွင်းမီးလုံးနဲ့ ဖယောင်းတိုင်းမီးတွေကိုပါ အသုံးပြုလာရသလို တနိုင်တပိုင်လုပ်ငန်းတွေကလည်း မီးစက်တွေကို အဓိကဝယ်ယူအသုံးပြုနေရတာ ဖြစ်ပါတယ်။SMEလုပ်ငန်းရှင်တစ်ဦးကလည်း လျှပ်စစ်မီးမမှန်တာကြောင့် ထင်သလောက် အလုပ်မတွင်ကျယ်သလို လုပ်ငန်းအများစု လျှော့ချလုပ်ကိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အလုပ်တွေကတော့ ဒီပွင့်လင်းရာသီရောက်လာပြီဆိုတော့လည်း အလုပ်တွေများလာပေမယ့်လည်း မီး တွေက တောက်လျှောက်ပြတ်နေတော့ ထင်သလောက် အလုပ်မတွင်ဘူးပေါ့ဗျာ။ ဒီမီးကို ပုံမှန်ထက်ကို မှန်အောင် မလုပ်ပေးနိုင်သရွေ့တော့ SMEတွေကတော့ တော်တော်အခက်အခဲဖြစ်တာပေါ့။ အဓိကက SMEတွေ အကုန်လုံးကလည်း မီးကိုဘဲအားကိုးပြီး လုပ်နေကြတာဆိုတော့ အဲဒီလိုမျိုး ဖြစ်နေတယ်။ မီးမလာတော့ ဒီဇယ်တွေကလည်း ထင်သလောက်ထိ မကျလာဘူး။ အခုချိန်ထိကို ဘယ်လိုမှကို အဆင်မပြေဘူးလေ။ ဆီဈေးလည်းကျမယ်၊ မီးလည်း ပုံမှန်ထက်ကို ပိုမှန်မယ်ဆိုရင်တော့ SMEတွေက တော် တော်လေးတော့ ဖွံဖြိုးမှာပေါ့။ ကျွန်တော်တို့ အရေးကြီးထုတ်ကုန်လောက်သာ ဦးစားပေးထုတ်ပြီးတော့ ပုံမှန်ဟာလေးတွေ ဆိုရင်တော့ နောက်ဆုတ်ပြီးတော့ လုပ်နေရတာပေါ့လေ။ ပုံမှန်မီးနဲ့လုပ်နိုင်လို့ရှိရင် တစ်ရက်ကို အခု(၅၀) လောက် ရတယ်ဆိုလို့ရှိရင် အခုဆိုလို့ရှိရင် (၂၀)လောက်ပဲ ထုတ်နိုင်တော့တယ်ပေါ့။ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်လုပ်ကိုင်ရာမှာလည်း လျှပ်စစ်မီးကို တဆက်တည်းရရှိမှာ မဟုတ်ဘဲ အချိန်ပိုင်းနဲ့ခြားပြီး ရရှိမှာဖြစ်တဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲရှိသလို မီးစက်ကြီးတွေ အသုံးပြုပြီး လည် ပတ်နေရတဲ့ အတွက်လည်း ကုန်ကျစရိတ် ပိုမိုမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လျှပ်စစ်မီးရရှိမှု အခက်အခဲကြောင့် အသေးစား၊ အလတ်စား လုပ်ငန်းအများစုဟာ လုပ်ငန်း လျော့ချရတာတွေရှိသလို တချို့လုပ်ငန်းတွေကတော့ လျှပ်စစ်မီးအခြေအနေကြောင့် လုပ်ငန်းပုံမှန် မလည်ပတ်နိုင်တဲ့အတွက် ရပ်နားလိုက်ရတာတွေ ရှိတယ်လို့ SME လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
လျှပ်စစ်မီးတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရင်လို ပုံမှန်ရရှိတော့တာမရှိဘဲ မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေသလို အချိန်ပိုင်းနဲ့အလှည့်ကျ ဖြန့်ဝေပေးမယ်လို့ ကြေညာထားပေမယ့် အချိန်မှန်ကန်မှုမရှိတာကြောင့်လည်း အခက်တွေ့နေရတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ (၃၀) ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဆိုးရွားတဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ မူဝါဒအပြောင်းအလဲတွေကြောင့်လည်း မြန်မာ့စီးပွားရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေဆက်ရှိနေပြီး လူတစ်ဦးချင်းရဲ့ ဂျီဒီပီဟာ ကိုဗစ်ကာလမတိုင်မီ ကာလအောက် (၁၃)ရာခိုင်နှုန်း ရောက်ရှိနေတယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်