ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။
အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအာ ဏာကျင့်သုံးဖို့ ကြေညာထားတဲ့အထဲမှာ ကရင်နီ (ကယား) ပြည်နယ်က မြို့နယ် ၄ ခု ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ စစ်ကောင်စီ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက် ပွဲကို ဘယ်လို တားဆီးသွားဖို့ ရှိနေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုအပေါ် ဘယ်လို မြင်ပါသလဲ။
သူ့ဘက်က လက်ရှိအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကိုပေါ့နော် အရေးပေါ်ကာလ သတ်မှတ်မယ်။ စစ်အုပ်ချုပ် ရေးလုပ်လာတယ်။ ၂နှစ်ပြည့်သွားတယ်။ ပြည့်သွားပြီး ဖေဖော်ဝါရီလ၁ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကောင်စီကို ထပ်ပြန်ဖွဲ့တယ်။ ဖွဲ့ပြီးမှ မြို့နယ်၃၇မြို့နယ်ကို မာရှယ်လောပေါ့။ စစ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပြီး မာရှယ်လောသတ်မှတ်တယ်။ ဟုတ်တယ်ဆို တော့ ဒါကပေါ်ပေါ်တင်တင်ပေါ့။ စကစက သူတကယ်တမ်း ထိန်းချုပ်လို့မရတဲ့ နယ်မြေတွေကို ဒါတိတိလင်းလင်းဖော်ပြလိုက်တာ ပဲ။ ဥပမာ- ကျွန်တော်တို့ ကရင်နီ ပြည်နယ်မှာဆို သူဖော်ပြတဲ့ လေးမြို့နယ်က ဒါကအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မကိုင်နိုင်မဆောင်ရွက်နိုင်တဲ့ ဒေသတွေဖြစ်တယ်။
အဲဒီအတွက်ကြောင့် အာဏာသိမ်းပြီးတည်းကတော့ သူက လူထုကို ပစ်မှတ်ထားပြီးမှ ချေမှုန်းတိုက်ခိုက် နေတာတွေ ရှိတယ်။ အခုကတော့ အဲဒီလို တိုက်ခိုက်တဲ့အခါမှာ နိုင်ငံတကာကနေပြီး လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့သော်လည်းကောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေအနေနဲ့ ဒါသူ့ကို တရားစွဲဆိုတဲ့ သက်သေမရှိအောင် ဒါကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဒီနယ်မြေတွေက စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တယ်။ မာရှယ်လောထုတ် ထားတဲ့နယ်မြေဖြစ်တယ်။ သူလုပ်ချင်သလိုပေါ့။ လူထုကို ဒီထက်ပိုပြီးတော့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နိုင် အောင်ထုတ်လိုက်တဲ့ သဘောပါပဲ။
-စစ်ကောင်စီက သူတို့ထွက်ပေါက်အတွက် ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းလာရင် KNPP အနေဲ့ ဘယ်လို တုံ့ပြန်သွားဖို့ ရှိမလဲ။
အဲဒါကတော့ ကျွန်တော်တို့က ဒီမိုကရေစီနည်းအရပြုလုပ်တဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့ကတော့ မငြင်းဆန်ပါဘူး။ တိုင်းပြည်မှာ အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းဖို့အတွက် ဒီမိုကရေစီနည်းကျကျ ရွေးကောက် ပွဲရှိရမယ်ဆိုတာကို ကျွန်တော်လက်ခံတယ်။ ဒါပေမယ့်ဒီနေ့ စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကတော့ တရားမျှတမှုလည်း ရှိမှာမဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်တမ်းလိုအပ်တဲ့ စစ်မှန်တဲ့ခေါင်းဆောင်တွေလည်း ရွေးချယ်ပေးနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ တိုင်းပြည်က ပိုပြီးတော့မှ FAIL STATEကို ကျရောက်သွားနိုင်တဲ့ အခြေအနေကို ဖန်တီးပေးမယ့် ရွေးကောက်ပွဲသာ ဖြစ်တယ်။
ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူး။ သူတို့မှာလည်း ရွေးကောက်ပွဲကျင်းပလို့ မရဘူးဆိုတာကို ကျွန်တော်တို့က လူထုနဲ့ နိုင်ငံတကာကို ကျွန်တော်တို့က ရှင်းလင်းချပြဖို့ ရှိပါတယ်။ တဖက်မှာတော့ သူတို့ရဲ့ ရွေးကောက်ပွဲအရ မဝင်ကြဖို့၊ မပြုကြဖို့။ ဒါကတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကို ပဲဖြစ်ဖြစ်၊ လူထုကိုပဲဖြစ်ဖြစ် ကျွန်တော် တို့ကတော့ ပညာပေးလုပ်ငန်းတွေကို ပိုလုပ်ရမယ်လို့ နားလည်ပါတယ်။ ပြည်နယ်ထဲမှာ ဖြစ်ပျက်နေတဲ့ စစ်ရေး အရကတော့ ဒါကတော့ သီးသန့်ပေါ့။ အဲဒါတွေပါ။
-နောက်ဆုံးအနေနဲ့ စစ်ကောင်စီကတော့ တိုင်းပြည်အေးချမ်းဖို့အတွက် သူတို့ လုပ်ရပ်တွေကို နိုင်ငံတကာ အနေနဲ့ အသိအမှတ်ပြုဖို့ ပြောလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။
စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုရအောင် ကျွန်တော်တို့ နှစ်ပေါင်း(၇၀)ကျော်ပေါ့နော်။ ဗမာပြည်အတွင်းမှာ ဒီတိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပြီးမှ ကျွန်တော် တို့ ပြည်တွင်းစစ်တွေ ဖြစ်လာခဲ့တဲ့အကြောင်းရင်းက ရှိတယ်။ ကျွန်တော်တို့ အမျိုးသားတန်းတူရေး၊ တရားမျှ တရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို မပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဆိုတော့ နှစ်ပေါင်း(၇၀)ကျော်အတွင်းမှာ ကျွန်တော် တို့ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အုပ်ချုပ်ရေး စနစ်နဲ့ပဲ ကျွန်တော်တို့က ရှင်သန်ကြီးပြင်း လာရတဲ့အခါမှာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုအပေါင်း လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ကျွန် တော်တို့ မတည်ဆောက်နိုင်တာဖြစ်တယ်။
နောက်တစ်ခုက ဒီကနေ့ စကစက ကျင့်သုံးနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံဟာ စစ်တပ်ရဲ့အာဏာဆက်လက် ရှင်သန်ရေးအတွက် အားပေးအထောက်အကူပြုတဲ့ ဖွဲ့စည်းပုံဖြစ်ပြီးတော့မှ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး မျှော်မှန်းနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်တည်ဆောက်ရေးနဲ့ လုံးဝရောက်ရှိနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ဘူး။ ဒါကြောင့်မို့ နိုင်ငံတကာက ကျွန်တော်တို့ တိုင်းပြည်ထဲမှာ ဖွဲ့စည်းပုံအသစ် ပေါ် ပေါက်လာရေးနဲ့ တစ်ပြည်ထောင်စုအာဏာရှင်စနစ်ကနေပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို အာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိမှသာ နိုင်ငံတကာက တက်လာမယ့်အစိုးရကို ကျွန်တော်တို့က အသိ အမှတ်ပြုသင့်တာပေါ့နော့။ အခုလည်း ၂၀၂၀မှာ ကျွန်တော်တို့ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ အမတ်တွေ ကို ဒါကထိန်းသိမ်းဖမ်းဆီးပြီးတော့မှ စစ်တပ်ကနေ အာဏာသိမ်းခဲ့တာဖြစ်တယ်။ အာဏာသိမ်း စစ်တပ်ဖြစ် တယ်။ တရားမဝင် စစ်တပ်ဖြစ်တယ်။ အခုလက်ရှိက သူတို့ကျင့်သုံးနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကို သူတို့မှာ ဒီနေ့ဘာလုပ်ကိုင်ခွင့်မှမရှိတဲ့ ရွေးကောက်ပွဲကျင်းပဖို့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ စေ့စပ်တာတွေ၊ ဒါတွေကို အမျိုးမျိုးကျင်းပပြုလုပ်နေတာ။ ဒါတွေက နိုင်ငံတကာက အသိအမှတ် ပြုလို့ လုံးဝမရပါဘူးလို့။ ကျွန်တော် ခုနပြောသလို ဒီနေ့ဗမာပြည်ထဲမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းရေးကို အထောက်အပံ့ပေးဖို့ လိုအပ်ပါမယ်။ ကျွန်တော်အနေနဲ့ အဲဒီလိုပဲ မှတ်ချက်ပေးချင်ပါတယ်။