မော်လမြိုင် – ဖေဖော်ဝါရီ(၈)

စစ်အာဏာရှင်တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးရဲ့ (၃) နှစ်မြောက်နှစ်ပတ်လည်ဆိုတာမရှိစေရ အောင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအနေနဲ့ တော်လှန်ရေးအစုအဖွဲ့အားလုံးနဲ့ တညီတညာတည်း ကြိုးစားကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၅) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“အမျိုးသားညီညွတ်ရေးအစိုးရရဲ့ one year plan အောင်မြင်နိုင်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိလို့ စိတ်အားတက်ရသလို တစ်ဖက်ကလည်း ဒီလို project တွေ အောင်အောင်မြင်မြင် ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ခံယူချက်၊ ယုံကြည်ချက်တွေဟာ တစ်စက်ကလေးမှ မလျော့သွားဘဲ ပါဝင်ပေးနေကြတာကို သိရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ ယုံကြည်မှုတွေအတွက် အစိုးရအနေနဲ့ စစ်ကောင်စီကို ဖြိုဖျက်ဖို့ သန်မာသထက်သန်မာအောင် ကြိုးစားသွားမယ်လို့လည်း ကတိပေးခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ (၆) လသက်တမ်းတိုးတာနဲ့ အတူ အပြောင်းအလဲတွေလုပ်လာတာ ရှိသလို (၃၇) မြို့နယ်ကိုလည်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးဖို့ အမိန့်ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ဝင်တွေ စနစ်တကျလေ့လာသုံးသပ်ဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူတွေကို စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက် ဒုက္ခပေးတဲ့ အစီအစဉ်တွေကနေ အထိအခိုက်နည်းနိုင်သမျှနည်းအောင် ကြိုးစားရမယ့် တာဝန်ရှိ တယ်လို့ ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.