အန်ကာရာ၊ ဖေဖော်ဝါရီ(၇)
တူရကီနဲ့ ဆီးရီးယားမှာ ဖေဖော်ဝါရီ(၆)ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့အထိ အသက်အန္တရာယ်ထိခိုက်နိုင်မှု တဖြည်းဖြည်းများလာနေပြီး သေဆုံးသူဦးရေ ဟာလည်း ငါးထောင်ကျော်အထိ မြင့်တက်လာနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ကယ်ဆယ်ရေးသမားတွေအနေနဲ့ အပျက်အစီးတွေများပြားလွန်းလို့ အောက်မှာ ပိတ်မိနေသူတွေကို ကယ်တင်ဖို့အတွက် အခက်ကြုံနေကြရတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
ငလျင်ကြောင့် ဆီးရီးယားနယ်စပ်အနီးမှာရှိတဲ့ တူရကီနိုင်ငံ အန်ကာရာဒေသရဲ့ လမ်းမတွေက (၁၀) ထပ်အဆောက်အအုံများစွာ ပြိုကျခဲ့ပြီး ဒါဇင်ပေါင်းများစွာသော အပျက်အစီးတွေထဲကနေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတာပါ။
မြို့ထဲမှာလည်း နေရာအတော်များများ လျှပ်စစ်မီးပြတ်တောက်ကာ လောင်စာဆီ တွေရှားပါးနေပြီး မိုးရွာ သွန်းနေသလို အပူချိန်ကလည်း အေးခဲလုနီးပါးဖြစ်နေတဲ့ အခြေအနေဖြစ်နေပါတယ်။
ဖေဖော်ဝါရီ ၆ရက် နံနက်အစောပိုင်းက တူရကီနဲ့ အိမ်နီးချင်းဆီးရီးယားနိုင်ငံတို့မှာ ပြင်းအား (၇ ဒသမ၈) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့လို့ လူနေအိမ်တွေနဲ့ ဆေးရုံတွေ ပြိုကျပျက်စီးပြီး ထောင်နဲ့ချီတဲ့ လူတွေဒဏ်ရာရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။
တူရကီ သဘာဝဘေးနှင့် အရေးပေါ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (AFAD) ရဲ့ ပြောကြားချက်အရ တူရကီမှာ သေဆုံးသူ (၂၉၂၁) ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
၁၁ နှစ်ကျော်ကြာ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဆီးရီးယားမှာ သေဆုံးသူဦးရေ (၁၅၀၀) ကျော်ရှိကြောင်း ဆီးရီးယားအစိုးရနှင့် သောင်းကျန်းသူအဖွဲ့ ထိန်းချုပ်ထားတဲ့ အနောက်မြောက်ပိုင်းရှိ ကယ်ဆယ်ရေးအဖွဲ့ တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အေးခဲနေတဲ့ ဆောင်းရာသီရာသီဥတုဟာ ညလုံးပေါက် ရှာဖွေရေး ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေပြီး မနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံ (၄၇၅၈) ခုကနေ လူ (၈၀၀၀) နီးပါးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ AFAD က ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်း (၁၃၇၄၀) ကို တပ်ဖြန့်ထားပြီး ရွက်ဖျင်တဲ (၄၁၀၀၀) ကျော်၊ ကုတင် (၁)သိန်းနဲ့ ခြုံစောင် (၃) သိန်း ကျော်ကို ဒေသတွင်းသို့ ပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး “ဝန်ထမ်းတွေနဲ့ ယာဉ်တွေ ညဘက်တွေမှာ အဆက်မပြတ် တောက်လျှောက် ပို့ဆောင်နေတယ်” လို့ အာဏာပိုင်အဖွဲ့က ပြောကြား ခဲ့ပါတယ်။
Ref: Reuters