သံတောင်၊ ဖေဖော်ဝါရီ(၈)

နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတဲ့ ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး စစ်ရေးဝင်ရောက်လှုပ်ရှားနေလာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေ သံတောင်မြို့ ၁၃ မိုင်မှာ ပြီးခဲ့တဲ့ ဇန်န ဝါရီ(၂၇) ရက်နေ့မှာ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုအဖွဲ့တွေဘက်က စနိုက်ပါနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သံတောင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လက် နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သံတောင်မြို့ပေါ်ရှိ ဒေသခံပြည်သူလူထု ၈၀၀၀ နီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လက်နက်ကြီးကြောင့် ဘုရားကျောင်းအပါအဝင် ဒေသခံတွေရဲ့နေအိမ်တွေ ထိမှန်ပျက်စီးသွားခဲ့သလို နေအိမ်တချို့ကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးသွားခဲ့ပါတယ်။

စစ်ရေးအခြေအနေတင်းမာနေတဲ့ သံတောင်မြို့နဲ့ အနီးပတ်ဝန်းကျင်ဒေသထဲကို စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း တပ်အင်အားတိုးချဲ့ပြီး စစ်ကြောင်းလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် စစ်ရေးပိုမိုတင်းမာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးထားတာကြောင့် အခြေအနေတွေ မတည်ငြိမ်သေးတဲ့အတွက် ထွက်ပြေးနေရတဲ့ ပြည်သူလူထုတွေဟာ နေရပ်မပြန်ရဲသေးသလို မြို့ပေါ်မှာ လူမရှိသလောက် နည်းပါးသွားပြီလို့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တောင်ငူ-သံတောင် ၁၃ မိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က သံတောင်မြို့ပေါ်က KNU တာဝန်ရှိသူရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ရာကနေ နေအိမ်(၈)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.