ဟားခါး၊ ဖေဖော်ဝါရီ(၈)

အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုက မြို့နယ် ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ကြေညာခံထားရတဲ့ ချင်းပြည်နယ်၊ကရင်နီ (ကယား) ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် တွေဟာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်တဲ့ဒေသတွေ ဖြစ်ပါတယ်။

စစ်ကောင်စီက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာ (Martial Law) ကျင့်သုံးတာလို့ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ကြေညာခံထားရတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေးအဖြစ် လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေးအပြင် သယ်ယူပို့ဆောင်ရေးကိုပါ သက်ဆိုင်ရာ စစ်တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတွေကို လုပ်ပိုင်ခွင့် ပေးအပ်ထားတာပါ။

အလားတူ တရားစီရင်ရေးမှာလည်း တရားရုံးတွေဖွဲ့စည်းတာ၊ စစ်ခုံရုံးနဲ့ စစ်ဆေးတာ၊ ပြစ်ဒဏ်ချမှတ်ရင် သေဒဏ်၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပါအဝင် အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ဖို့နဲ့ အယူခံပိုင်ခွင့် မရှိစေရဘူးလို့ ညွှန်ကြားထားပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီကတော့ စစ်အုပ်ချုပ်ရေးကြေညာမှုဟာ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ နယ်မြေစိုးမိုးမှု လုံးဝမလုပ်နိုင်တဲ့အတွက် လူထုကိုအကြောက်တရားသွင်းပြီး အာဏာတည်မြဲဖို့လုပ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တစ်ဖက်က သူရှိတဲ့နေရာ ပြည်သူလူထုတွေကို နှိပ်စက်ဖို့ပါပဲ၊ အဓိက အဲဒါပဲ ရှိတယ်။ ချင်းပြည်နယ်ရဲ့ ၇၀ ရာခိုင်နှုန်းမှာ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေ တော်လှန်ရေးတပ်ဖွဲ့တွေက နေရာယူထားတော့ သူလုပ်နိုင်တဲ့ စစ်အုပ်ချုပ်ရေးက မြို့ပေါ်လောက်ပဲ လုပ်နိုင်မှာဖြစ်တယ်။ အဓိကကတော့ စစ်ရေးအရ သူကဒီနေ့အထိ အင်အားကဆုတ်ယုတ်နေတယ်။ အဲဒီအတွက် သူကပြည်သူကို အကြောက်တရား သွင်းပြီးတော့မှ စစ်အုပ်ချုပ်ရေးနဲ့ ပြည်သူကို အကြမ်းဖက်ပြီးတော့ သူ့အာဏာ ဆက်လက်တည်မြဲရေးအတွက် အဲဒီလိုလုပ်တာလို့ မြင်ပါတယ်”လို့ သူက ဆိုပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ၉ ခုရှိတဲ့ထဲက စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ မြို့နယ် ၇ မြို့နယ် ပါဝင်နေပြီး အဲဒီဒေသတွေဟာ ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

စစ်အုပ်ချုပ်ရေးကြေညာမှုအပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်ကလည်း စစ်ကောင်စီဘက်က ကျုးလွန်နေတဲ့ လူသားမျိုးနွယ်စုဆိုင်ရာ ရာဇဝတ်မှုတွေကို သက်သေမရှိဖို့နဲ့ ဒီထက်ပိုပြီး ညှင်းပန်းနှိပ်ဆက်နိုင်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလိုလုပ်တာလို့ သုံးသပ်ပါတယ်။

“အာဏာသိမ်းပြီးကတည်းက သူက(စကစ) လူထုကို ပစ်မှတ်ထားပြီး ချေမှုန်းတိုက်ခိုက်နေတာရှိတယ်။ အခုက အဲဒီလိုတိုက်ခိုက်တဲ့အခါမှာ နိုင်ငံတကာကနေ လူသားမျိုးနွယ်စုဆိုင်ရာ ရာဇဝတ်အရလည်း ကောင်း၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ သူ့ကို (စကစ) တရားစွဲဆိုတဲ့ သက်သေသာဓကတွေ မရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီနယ်မြေတွေဟာ စစ်အုပ်ချုပ်ရေး နယ်မြေဖြစ်တယ်။ နောက်မှ မာရှယ်လောထုတ်ထားလိုက်တယ်၊ သူလုပ်ချင်သလိုပေါ့။ လူထုကို ဒီထက်ပိုပြီးတော့မှ ညှင်းပန်းနှိပ်စက်သတ် ဖြတ်နိုင်အောင် ကာကွယ်ထုတ်လိုက်တဲ့ သဘောပါပဲ” လို့ သူက ဆိုပါတယ်။

မြို့နယ် ၇ ခုရှိတဲ့ ကရင်နီ (ကယား) ပြည်နယ်မှာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ကြေညာထားတဲ့ မြို့နယ် ၄ ခု ပါဝင်နေပေမယ့် စစ်ကောင်စီအနေနဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို မဆောင်ရွက်နိုင်တဲ့ ဒေသတွေဖြစ်တယ်လို့ ဦးအောင်ဆန်းမြင့်က ထောက်ပြပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီက ပါတီစုံဒီမိုကရေစီ ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရှေ့လုပ်ငန်း ၅ ရပ် ထဲမှာ ထည့်သွင်းထားတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင်ကတော့ တိုင်းပြည်မတည်ငြိမ်တာဟာ စစ်တပ်အာဏာသိမ်းလို့ ဖြစ်တာကြောင့် ဒီမိုကရေစီဖြစ်ထွန်းအောင် လုပ်ပေးမယ်ဆိုတာ လက်ခံလို့မရဘူးလို့ တုံ့ပြန်ပါတယ်။

“အခုလို မတည်မငြိမ်ဖြစ်နေတာက စစ်တပ်က အာဏာသိမ်းလို့ ဖြစ်တာဖြစ်တယ်။ စစ်တပ်ကြောင့် ဖြစ် တယ်။ သူသာ သူ့နေရာမှာ သူနေမယ်ဆိုရင် ဒီလိုဖြစ်စရာ အကြောင်းမရှိပါဘူး။ အဲဒီတော့ ဒီမိုကရေစီကို ဖျက်ဆီးတဲ့သူက ဒီမိုကရေစီဖြစ်ထွန်းအောင် လုပ်ပေးမယ်ဆိုတာ ဘယ်လိုမှကို လက်ခံလို့မရဘူးလို့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ၂၀၂၃ တစ်နှစ်တာအတွင်း အပစ်ခတ်ရပ်စဲတယ်လို့ စစ် ကောင်စီတပ်က နှစ်ဆန်းပိုင်းမှာကြေညာပြီး ၁၀ ရက်အတွင်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဌာနချုပ်တွေ၊ တပ်စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

လက်ရှိမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EROs) အပါအဝင် ဒေသကာ ကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်ရှိနေပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းမှု ၂ နှစ် အတွင်း တိုက်ပွဲအကြိမ်ရေ ၈၀၀၀ ကျော်ဖြစ်ပွားခဲ့တဲ့အတွက် စစ်ရေးဘောင်ကျယ်လာပြီး စစ်ကောင်စီ ကိန်းဂဏန်းတွေအရ မြို့နယ်ပေါင်း ၁၉၈ မြို့နယ်သာ တည်ငြိမ်အေးချမ်းတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.