ကော့ကရိတ်၊ ဖေဖော်ဝါရီ(၈)
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် တောင်ဘက်ပိုင်းဒေသထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ (၆)ရက်နေ့ ညပိုင်းအချိန်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ(၆)ရက်နေ့ ည(၁၂)နာရီခွဲအချိန်မှာ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့ တောင်ဘက်ခြမ်း မှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး ဗုံးသီးတွေဟာ ရွာပြင်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့လို့ ရွာသားတွေထိခိုက်မှုမရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့ တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေအပေါ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု မကြာခဏဆိုသလို လုပ်ဆောင်နေပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း မကြာခဏ လုပ်ဆောင်နေတာဖြစ်ပါတယ်။
တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်အပြင် ဘုရားသုံးဆူမြို့ဒေသဘက်မှာရှိတဲ့ သတ္တုမိုင်းလုပ် ကွက်တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ မကြာခဏဆိုသလိုရောက်လာပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်လေ့ရှိတာပါ။
လက်ရှိမှာ KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ ရေးမြို့နယ်တွေကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားပြီး အဲဒီနယ်မြေတွေထဲမှာ နှစ်ဖက်စစ်ရေးတင်း မာမှုတွေ မကြာခဏဖြစ်ပွားနေလျက်ရှိနေတာ ဖြစ်ပါတယ်။
KNU တပ်မဟာ(၆)နယ်မြေအတွင်း ပိုမိုပြင်းထန်လာနေတဲ့တိုက်ပွဲအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူလူထုဦးရေတွေဟာလည်း အရင်ကထက် ပိုမိုများပြားလာခဲ့ပြီး တချို့တဝက်ကတော့ နေရပ်ကို ပြန်လည်နေထိုင်ကြသလို တချို့တဝက်ကတော့ တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာ ဒေသတွေဘက်ကို ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်