မော်လမြိုင် – ဖေဖော်ဝါရီ(၇)
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ သုညကနေ စတင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ကဏ္ဍပေါင်းစုံကနေ စစ်အုပ်စုကို ရင်ဆိုင်နိုင်ပြီ ဖြစ်သလို တခြားကဏ္ဍတွေမှာ ပိုမိုသာလွန်အောင် လုပ်ဆောင်နေပြီဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ(၇) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၅) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။
“အခုလို အချိန်တိုအတွင်း အောင်မြင်မှုတွေ စွမ်းဆောင်လာနိုင်တာဟာ တိုင်းရင်းသား ပြည်သူ အပေါင်းရဲ့ ညီညွတ်မှုနဲ့ အာဏာရှင်စနစ်ကို ပြတ်သားစွာ လက်မခံ မလိုလားမှုကြောင့် ဖြစ်ပါ တယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတကာအစိုးရအနေနဲ့ NUG အစိုးရကို တရားဝင်အစိုးရတရပ်အဖြစ် လက်ခံ အသိအမှတ်ပြုလာဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ကျကျ လက်တွဲဆောင်ရွက်မှုတွေကို အားထုတ်နေတယ်လို့ ပြောပါသေးတယ်။
အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားပြည်သူလူထုကြား ပျက်ယွင်းခဲ့တဲ့ ယုံကြည်မှုကို လက်ရှိအချိန်မှာ တည်ဆောက်ဖို့ အချိန်အခါကောင်းဖြစ်ပြီး အာဏာရှင်စနစ်နဲ့ စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားဖို့ အချိန်အခါဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ တိုင်းရင်းသားပြည်သူလူထုရဲ့ လိုလားမှုကို အလေးထားပြီး ညီညွတ်မှုရှိတဲ့ အချင်းချင်းချိတ်ဆက်ဆောင်ရွက်မှုကို ပြသဖို့ အချိန်ကျရောက်နေပြီဖြစ်တယ်လို့ ယာယီသမ္မတ ကပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်