သထုံ၊ ဖေဖော်ဝါရီ(၇)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ညက စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ ရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။

အဲဒီနေ့ ညနေ ၉ နာရီလောက်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို မောင်းနှင်းလာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ၂၀ မိနစ်နီးပါးအကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သလို စစ်ကားတစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်မှုပြီးနောက် ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကားတစ်စီးကို စစ်ကောင်စီတပ်က စစ်ကူခေါ်ပြီး ချက်ချင်းလာရောက် သယ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း သထုံဘက်ကနေ ဘီးလင်းဘက်ကိုလာတဲ့ စစ်ကောင်စီ ကား ၃ စီးပါ ယာဉ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့သေးတာဖြစ်ပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာနဲ့ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ခိုက်ခံရပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အထိနာနေတာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.