လွိုင်ကော် – ဖေဖော်ဝါရီ(၇)

ကယားပြည်နယ်၊လွိုင်ကော်မြို့နယ် ဇရပ်ဖြူကျေးရွာနားမှာ အရပ်သားကားတစ်စီး မိုင်းထိပြီး (၄) ဦးသေဆုံးကာ (၂) ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၆) ရက်နေ့လည်ပိုင်းက အမျိုးသား(၆)ဦးလိုက်ပါလာတဲ့ IPSUM အမျိုးအစား ကားတစ်စီးမိုင်းထိခဲ့တာဖြစ်ပြီး ကားပေါ်ပါသူ(၆)ဦးမှာ (၄)ဦးက ခရီးသည်တွေ ဖြစ်ကာ ကျန်နှစ်ဦးကတော့ ဒေသခံတွေဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ လွိုင်ကော်မြို့ကနေ (၆) မိုင်ကွာဝေတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်စခန်း တစ်ခုနဲ့(၂) မိုင်ကွာဝေးကာ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လာရောက်ကြည့်ရှုတာလည်း မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီက အဲဒီနေရာမှာ မြေမြှုပ်မိုင်းထောင်တာတွေလုပ်ဆောင်ထားတယ်လို့ ဒေသခံ တွေကဆိုထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း စစ်ကောင်စီမိုင်းကြောင့် မကြာခဏ ခြေလက်ဆုံးရှုံးခဲ့ရတာတွေ ဖြစ်နေတာပါ။

မြေမြှုပ်မိုင်းထိခိုက်ပေါက်ကွဲခဲ့တာကြောင့် ကားပေါ်ပါလာသူတွေထဲက ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်နဲ့ ကိုစိန်မင်းတို့ သေဆုံးသွားပြီး တခြားသူတွေရဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

လက်ရှိမှာတော့ ထိခိုက်သေဆုံးခဲ့သူတွေကို လွိုင်ကော်ဆေးရုံကြီးကို လူမှုကူညီရေးအသင်းတွေ ကပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.