ရန်ကုန်၊ ဖေဖော်ဝါရီ(၇)
အတိုက်အခံအဖွဲ့အစည်းအဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ (CRPH) နဲ့ ဆက်စပ်အဖွဲ့တွေကို အွန်လိုင်းဆိုရှယ်မီဒီယာပေါ် အားပေးထောက် ခံသူတွေကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေတွေနဲ့ အရေးယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းတယ်လီဂရမ်အကောင့်ကနေ အတိုက်အခံအဖွဲ့အစည်းတွေကို အားပေး ထောက်ခံရုံနဲ့ အရေးယူထားတဲ့အခြေအနေကို သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် စိစစ်ကြည့်ရာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ အခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့အထိ Facebook အကောင့်ပိုင်ရှင် ၂၈၀ ကျော်ကို ဖမ်းဆီးအမှုဖွင့် အရေးယူထားပေမယ့် မြေပြင်မှာဒီထက်အများကြီး ပိုနိုင်ပါတယ်။
စစ်ကောင်စီအရေးယူထားတဲ့ ပုဒ်မတွေကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ် ကြီးပုဒ်မ ၁၂၄-ကနဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)တို့ ပါဝင်ပါတယ်။
အဲဒီ ဥပဒေပုဒ်မတွေဟာ ထောင်ဒဏ်၃နှစ်ကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တစ်သက်တစ် ကျွန်းအထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေလည်း ဖြစ်ပါတယ်။
စစ်အုပ်စုကတော့ ပြစ်မှုနဲ့သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်တယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ကြေညာထားပါတယ်။
အခုလိုအရေးယူမှုဟာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ထင်မြင်ယူဆချက်၊ ယုံကြည်ချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံပါ ပြဌာန်းချက်နဲ့ ဆန့်ကျင်နေတယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ထောက်ပြပါတယ်။
“ဥပဒေတွေအရပြဌာန်းပြီးတော့ ဒါမျိုးကို ကန့်သတ်ချုပ်ချယ်တာသည် ခုနကဥပဒေပြဌာန်းထားသည့် အတွက် အဲဒီဥပဒေနဲ့ တရားစွဲတယ်၊ အရေးယူတယ်။ ဒါသည်ဥပဒေနဲ့မညီဘူးလို့ ပြောလို့မရနိုင်သော် လည်းပဲ ခုနဖွဲ့ စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ(၃၅၄) (၃၄၇) ပါ ပြဌာန်းချက်တွေနဲ့ နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်၊ အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေနဲ့တော့ ဆန့်ကျင်နေတယ်လို့ ဒီလိုပဲပြောရမှာ ဖြစ်ပါတယ်” လို့ဆိုပါတယ်။
စစ်ကောင်စီကိုယ်တိုင်က ဒီမိုကရေစီကိုဖော်ဆောင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာမယ်လို့ ကြေညာထားတဲ့အတွက် နိုင်ငံသားတစ်ဦးချင်းစီအနေနဲ့ မိမိခံယူချက်ကို အခြားသူတွေအပေါ် မထိ ခိုက်စေဘဲ လွတ်လပ်စွာ ဖော်ထုတ်ခွင့်မရရင် ဒီမိုကရေစီကို ဖော်ဆောင်နေပါတယ်ဆိုတာဟာ လိမ်ညာမှုသက်သက် ဖြစ်သွားမယ်လို့ အဲဒီတရားလွှတ်တော် ရှေ့နေက ဝေဖန်ပါတယ်။
စစ်ကောင်စီကတော့ ပြည်သူတွေအနေနဲ့ NUG၊ CRPH နဲ့ ဆက်စပ်အဖွဲ့အစည်းတွေရဲ့ လှုံ့ဆော်ဝါဒဖြန့်မှု အပေါ် မသိနားမလည်တာ၊ ကြောက်ရွံတာ၊ လိုက်ပါလုပ်ဆောင်တာ၊ အသံနဲ့ဖြစ်စေ၊ ပြုလုပ်မှုနဲ့ဖြစ်စေ တစ် နည်းနည်းနဲ့ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမယ့် ပြုလုပ်မှုတွေလုပ်တာ၊ လှုံ့ ဆော်ဝါဒဖြန့်မှုတွေကို ထပ်ဆင့်ဝေမျှတာနဲ့ အားပေးကူညီတာတွေပြုလုပ်ရင် အရေးယူခံရမယ်လို့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ စစ်အုပ်စုကိုယ်တိုင် အကြောက်တရားလွှမ်းမိုးနေလို့ လူထုကိုလည်း ခြောက်လှန့်တဲ့သဘောဖြစ်ပြီး လူ့အခွင့်အ ရေးချိုးဖောက်မှုလို့ တုံ့ပြန်ပါတယ်။
“သူတို့ကိုယ်တိုင် အကြောက်တရားလွှမ်းမိုးနေတဲ့အတွက် တစ်ဖက်မှာလည်း လူထုကိုအကြောက်တရားလွှမ်း မိုး အောင်ပေါ့နော် ခြောက်လှန့်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်တဲ့သဘောတရား ဖြစ်ပါတယ်။ အခုဟာက လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်ပေါ့နော်။ ဆိုရှယ်မီဒီယာပေါ်မှာ ပြင်းပြင်းထန်ထန်စကားလုံးတွေတောင် မဟုတ်ဘဲနဲ့ သာမန်အမြင်တစ်ခု၊ အယူအဆတစ်ခုကို ရေးတာတောင်မှ လိုက်ပြီးတော့ဖမ်းဆီး၊ အရေးယူ၊ ထောင်ချ ဆိုတော့ ဒါမျိုးတွေလုပ်နေတာက အင်မတန်ဆိုးရွားတဲ့ လူ့အခွင့်အ ရေးချိုးဖောက်မှုတွေဖြစ်တယ်။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးတာဖြစ်တယ်”လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း NUG ၊ CRPHနဲ့ PDF တွေကို အားပေးထောက်ခံရုံနဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်အရေးယူသွားမယ်လို့ စစ် ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။
ဗိုလ်ချုပ်ဇော်မင်းထွန်းက လူမှုကွန်ရက် Facebook စာမျက်နှာတွေကနေ NUG၊ CRPH၊ PDF တွေရဲ့ ဆက် စပ်တဲ့ ပိုစ့်တွေကို အားပေးထောက်ခံသူတွေက စာ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Like ပေးတာ ၊ မျှဝေတာနဲ့ ရာဇ သတ်ကြီးပုဒ်မ ၁၂၄ -ခ (ခ) နဲ့ ငြိစွန်းနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူ နန်းမို့မို့ကလည်း လူထုတွေရဲ့ နိုင်ငံရေးခံယူချက်အမြင်တွေ ဖလှယ်တာမျိုးကို စစ်ကောင်စီ ပိတ်ပင်တာဟာ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေးတစ်ခုလုံးကိုပါ ချိုးဖောက်တဲ့ လုပ်ရပ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြည်သူလူထုတွေကို လုံးဝသတင်းအမှောင်ပိတ်ပေါ့နော်။ ပြည်သူလူထုတွေက သူတို့ရဲ့နိုင်ငံရေးခံယူချက်နဲ့ ပတ်သက်တာတွေ၊ ရပ်တည်ချက်တွေ၊ သူတို့ရဲ့အမြင်တွေဖလှယ်တာမျိုး အဲဒါတွေကိုလုံးဝပိတ်ပင်တာ ဖြစ်တယ်ပေါ့နော်။ လူထုရဲ့လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် သတင်းတွေရယူခွင့်နဲ့ပတ်သက်ပြီးတော့ တစ် ဖက်မှာလည်းပိတ်ပင်တာဖြစ်တယ်။ ဒါကလုံးဝကို ပြည်သူလူထုရဲ့ နိုင်ငံသားအခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တာဖြစ်တယ်။ ဒါကစစ်တပ်ကတော့ သူ့ရဲ့နည်းဗျူဟာပဲ ဖြစ်တယ်။ ဒါလူ့အခွင်အရေးတစ်ခုလုံးကို ချိုးဖောက်တဲ့လုပ်ရပ်တွေဖြစ်ပါတယ်” လို့ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်းကို ၆ လ ထပ်တိုး အာဏာဆက်ယူထားပြီး ဒီရက်ပိုင်းမှာတင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ (CCCT) ကနေ အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးရာရောက်တဲ့ ဂိမ်းကစားတာ၊ကြော်ငြာထည့်သွင်းတာဟာ ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ လူထုဆီ SMS တွေ ပေးပို့နေတာပါ။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ (CCCT) အစည်းအဝေးကနေ အကြမ်းဖက်မှုနဲ့ပတ် သက်ပြီး အကြမ်းဖက်အားပေးတဲ့ Facebook အကောင့် ၁၅၈၀ ခု၊ အကြမ်းဖက်ထောက်ပံ့တဲ့ Facebook အကောင့် ၂၄၀ ခု၊ ပုဒ်မ ၅၀၅ နဲ့ ပတ်သက်တဲ့ Facebook အကောင့် ၁၀၇၁ ခု တို့ကို ပိတ်သိမ်းခဲ့တယ်လို့ ဇန်နဝါရီ ၁၀ ရက်နေ့ ရက်စွဲပါ ပေါက်ကြားလာတဲ့ လျှို့ဝှက်ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်