မော်လမြိုင်၊ ဖေဖော်ဝါရီ(၇)

တရုတ်နိုင်ငံက ပဲဝယ်လိုအား မြင့်တက်လာမှုနဲ့အတူ မွန်ပြည်နယ်ထွက် ပဲတီစိမ်း (ရွှေဝါ) တစ်တင်းကို ကျပ် ၇၀,၀၀၀ နီးပါးအထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာတယ်လို့ ပဲနှမ်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပဲတီစိမ်း (ရွှေဝါ)ဟာ ဇန်နဝါရီနောက်ဆုံးအပတ်က တစ်တင်း ကျပ်(၄၇၀၀၀) ဝန်းကျင်သာရှိရာမှ ဖေဖော် ဝါရီ (၆)ရက်နေ့မှာတော့ တစ်တင်းကို ကျပ်(၆၉၀၀၀)ထိ စံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့တာပါ။

ပဲတီစိမ်း(ရွှေဝါ)ဟာ မြန်မာငွေကြေး တန်ဖိုးကျဆင်းနေတာ၊ တရုတ်နိုင်ငံက ပဲအဝယ်လိုက်နေတာအပြင် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ကြောင့် ပဲဝယ်ယူမှု မြင့်မားလာတဲ့အတွက် ဈေးနှုန်းဆက်တိုက် မြင့်တက်လာတာလို့ ပဲနှမ်းလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

စံချိန်တင် ဈေးနှုန်းမြင့်တက်နေတဲ့ ပဲတီစိမ်း(ရွှေဝါ)ဟာ ဈေးကွက်အတွင်းမှာတော့ တရုတ်ဘက်က ဝယ်လိုအားကြောင့် လိုအပ်ချက်မြင့်မားနေပေမယ့် ပဲထွက်ရှိနှုန်းနည်းပါးနေသေးတဲ့အတွက် လိုသ လောက်တင်ပို့နိုင်ခြင်း မရှိသေးပါဘူး။

ပဲတီစိမ်း(ရွှေဝါ)ကို တရုတ်နိုင်ငံက (၇၀) ရာခိုင်နှုန်းဝန်းကျင်အထိ ဝယ်ယူမှုမြင့်တက်နေသလို ကျန်(၃၀) ရာခိုင်နှုန်းကိုတော့ အိန္ဒိယအပါအဝင် နိုင်ငံတချို့က ဝယ်ယူမှုအနည်းငယ်ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် ပဲစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဓါတ်မြေသြဇာအပါအဝင် သွင်းအားစုကုန်ကျစရိတ် အဆမတန်မြင့်တက်နေတာ၊ ရာသီဥတုအဖျက်မိုးတွေကြောင့် ပဲစိုက်နောက်ကျပြီး ပဲထွက်ရှိမှုနှုန်း သိသိသာသာကျဆင်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

မွန်ပြည်နယ်မှာတော့ ပဲတီစိမ်း (ရွှေဝါ) အပါအဝင် မတ်ပဲ၊ ပဲပုတ်နဲ့ ပဲတီစိမ်းတွေကို အဓိကစိုက်ပျိုးပြီး စိုက်ပျိုး မှုဧကပေါင်း ၅၀၀၀၀ ကျော်ရှိနေတာဖြစ်ပါတယ်။

ရာသီဥတုနဲ့ ပဲထွက်ရှိမှုနှုန်းအပေါ်မူတည်ကာ တစ်နှစ်လျှင် ပဲမျိုးစုံတန်ချိန်(၂၇၀၀)ကနေ (၃၂၀၀)ကြား ထွက်ရှိနေပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.