ကော်သူးလေ – ဖေဖော်ဝါရီ(၆)
ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက်လှုပ်ရှားပြီး ကျေးရွာတွေအပေါ် လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ကျေးရွာ(၆)ရွာက ဒေသခံပြည်သူလူထု(၅၀၀၀)ကျော် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေ မုန်းမြို့နယ် မြင်သာယာကျေးရွာထဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၄)ရက်နေ့မှာ တပ်အင်အား(၆၀)နီးပါးရှိတဲ့ စစ်ကောင်စီရဲ့ ခမရ(၃၅၁)၊ ခလရ(၆၀)တပ်တွေက စတင်ဝင်ရောက်ခဲ့ပြီးနောက် ဝဲကြီးကျေးရွာမှာ တပ်စွဲနေရာယူခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ဒီလို စစ်ကောင်စီတပ်က ဝင်ရောက်လာတဲ့အတွက် မြင်သာယာ၊ ဝဲကြီးနဲ့ ညောင်ပင်ဆိပ်ကျေးရွာတွေက ဒေသခံပြည်သူ(၂၄၃၁)ဦးဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ(၃)ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး(၁၅)လုံးခန့် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇီးခုံကျေးရွာအတွင်းက ကလေးတစ်ဦးအပါအဝင် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မြင်သာယာကျေးရွာအတွင်းရှိ ဒေသခံလူထုပိုင်ဆိုင်တဲ့ ဆိုင်ကယ်(၅)စီးနဲ့ ဆန်အိတ်တွေကိုလည်း စစ်ကောင်စီတပ်က သိမ်းဆည်းယူဆောင်သွားတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ(၃၁)ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်ကလည်း စစ်ကောင်စီတပ် ခလရ(၆၀)က လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် မရမ်းစိမ်လေးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကလေး(၂)ဦးအပါအဝင် (၃)ဦးဒဏ်ရာရရှိခဲ့ကာ လပတ်ကျေးရွာနဲ့ မရမ်းစိမ်လေးကျေးရွာက ဒေသခံ ၁၉၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရပါတယ်။
အဲ့ဒီနောက် မွန်းလွဲ(၂)နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူရဲ့ နေအိမ်(၃)လုံးနဲ့ တဲ(၈)လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ KNU က ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲက မြင်သာယာ၊ ဝဲကြီး၊ ညောင်ပင်ဆိပ်၊ ဗမာမျက်ရဲ၊ လပတ်ကျေးရွာနဲ့ မရမ်းစိမ်လေးကျေးရွာရှိ ဒေသခံပြည်သူ ၅၆၀၀ ကျော်ဟာ ရွာလုံးကျွတ် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – KNU