ပုလော၊ ဖေဖော်ဝါရီ(၇)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ပေါ်မှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စစ် ကောင်စီက နေရပ်ပြန်ဖို့ အတင်းအကြပ်ဖိအာပေးပေးတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စစ်ရှောင်တွေကို လက်ခံထားတဲ့ ဘုန်းတော်ကြီးကျောင်း တွေကို လာရောက်စစ်ဆေးပြီးနောက် စစ်ရှောင်တွေကို လက်မခံထားဖို့နဲ့အမြန်ဆုံးပေးပြန်ဖို့ ဖိအားပေးပြောဆို လာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဖိအာပေးလာတာကြောင့် စစ်ရှောင်ပြည်သူတချို့ နေရပ်ပြန်လာရပေမယ့် အများစုကတော့ စစ်ကောင်စီတပ်ရဲ့ နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက်အန္တရာယ်အတွက် နေရပ်ပြန်ဖို့ စိုးရိမ်နေကြတာပါ။

ပုလောမြို့ပေါ်မှာ လာရောက်တိမ်းရှောင်ကြတဲ့ စစ်ရှောင်နေသူအများစုဟာ ရှပ်ပုံကျေးရွာဘက်က ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆွေမျိုးနီးစပ်အိမ်တွေ၊ ပုလောနဲ့ရှပ်ပုံရွာကြား မြေကွက်လမ်းတွေမှာ ယာယီတဲ ထိုး နေထိုင်တာတွေရှိတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူ ၇၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor က ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးအပြင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.