ကျားသစ်နက်စစ်ကြောင်း ပြည်သူ့ရေးရာနဲ့ဆက်သွယ်ရေးတာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ ကျားသစ်နက်စစ် ကြောင်းဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေမှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျားသစ်နက်စစ်ကြောင်း စစ်ရေးလှုပ်ရှားနေတဲ့ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေမှာ နှစ်ဖက် စစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ စစ်ရေး ပြင်ဆင်မှု၊ လတ်တလော ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ နဲ့ ပတ်သက်ပြီး ကျားသစ်နက်စစ်ကြောင်း ပြည်သူ့ရေးရာနဲ့ဆက်သွယ်ရေးတာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက်။

TLT – အရင်ဆုံး ကျားသစ်နက်စစ်ကြောင်း စစ်ရေးလှုပ်ရှားနေတဲ့ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေမှာ စစ်တပ်က ဘယ်လိုပုံစံတွေနဲ့ စစ်ရေး လှုပ်ရှားတာ ရှိနေလဲ။

– လတ်တလော စစ်ရေးအခြေနေကတော့ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာတော့ လုံခြုံရေး အပြည့်အဝယူထားပါတယ်။ စကစကတော့ သူတို့နယ်မြေတောက်လျှောက်မှာတော့ သူတို့လည်း ကင်းစ ခန်းတွေ၊ သူတို့ရဲ့ အထိုင်စခန်းတွေ ရှိတာပေါ့နော်။ အဲဒီမှာတော့ တောက်လျှောက် လုံခြုံရေးယူထားတယ်ဗျ။ အဲဒီနေရာတွေမှာ သူတို့က ဒီဘက်ကိုထိုးဖောက်ချင်တော့ သူတို့ တက်လာတာမျိုးတွေ၊ ဒါမှမဟုတ် လက်နက် ကြီး ပစ်ကူသုံးပြီး တက်လာတာမျိုးတွေ၊ ခြေလျင်တက်ရင်တက်၊ မတက်ရင် လက်နက်ကြီးပစ်ကူသုံးပြီး တက် လာတာမျိုးပေါ့။ အဲလိုမျိုးအခါတွေကြရင် ကျွန်တော်တို့ဘက်ကနေ ပြန်ပြီးခုခံတဲ့အနေနဲ့ ရင်ဆိုင်တိုက်ပွဲ လေး တွေဖြစ်တယ်ဗျ။ သူတို့လုပ်နေကြကတော့  ကျွန်တော်တို့စခန်းလို့ ယူဆရတဲ့နေရာတွေကို လက်နက်ကြီးတွေ ပစ်မယ်၊ လေယာဉ်ဗုံးကြဲမယ်။ ပြီးရင် မြေပြင်ထိုးစစ်အနေနဲ့ မြေပြင်ကနေ လက်နက်ကြီးပစ်ကူသုံးပြီး တက် လာတာမျိုးတွေ ရှိတယ်။ ဒါမှမဟုတ် ရွာထဲကိုပစ်ထည့်ပြီးတော့ ခြိမ်းခြောက်တာမျိုးတွေတော့ ရှိတယ်ဗျ။

TLT – ကျားသစ်နက်စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ရဲ့ နှစ်ဖက်စစ်ရေးအခြေအနေကရော ဘယ်လို အခြေအနေမှာ ရှိနေလဲ။

– လက်ရှိနောက်ပိုင်းကတော့  အခုဇန်နဝါရီလဆိုရင်တော့ လအစပိုင်းမှာ ရဲဘော်လက်ချ်မီး ကျတဲ့ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး တစ်ပွဲရှိတယ်။  အဲဒီမှာတော့ စကစက သူတို့စစ်ကူရွေ့တဲ့လမ်းကြောင်းကို ကျွန်တော်တို့က လုံခြုံရေးယူနေရင်းနဲ့ ကြုံသွားတယ်ပေါ့နော်။ အဲဒီလိုချိန်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်သွားတယ်။ ပြီးတော့ ကျွန် တော်တို့ဘက်က ရဲဘော်လက်ချ်မီး ကျည်ထိဒဏ်ရာနဲ့ပဲ ကျဆုံးသွားတယ်ပေါ့။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့နဲ့ စကစတပ်တွေနဲ့တော့ ရင်ဆိုင်တိုက်ပွဲမရှိသေးဘူးပေါ့နော်။ အခုလက်ရှိအနေထားကတော့ ၂ဖက်လုံးစစ်ကိုဆိုင်ထားတယ်ဆိုတဲ့ အနေထားပါပဲ။

TLT – ကျားသစ်နက်စစ်ကြောင်းအနေနဲ့ ဘာအခက်အခဲတွေ ရှိနေလဲ။ လက်နက်ခဲယမ်း လိုအပ်ချက်ကရော ဘယ်လို ရှိနေလဲ။

– လက်နက်လိုအပ်ချက်ကတော့ ကျွန်တော်တို့က NUG ကာကွယ်ရေးဌာနအောက်က စစ်ကြောင်းဆိုတော့ သူတို့ရဲ့ထောက်ပံ့မှု အထိုက်လျောက်ရှိတာပေါ့နော်။ ဒါပေမဲ့လည်း ရဲဘော်တွေတိုးပွားလာတဲ့ အင်အား အနေထားရယ် ပြီးတော့ ကိုယ်စီလက်နက် (မောင်းပြန်ရိုင်ဖယ်) တွေအထိ သွားဖို့အတွက်ကတော့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေများတာပေါ့။ လက်နက်အပြင် ကျည်တွေ၊ လက်နက်ခဲယမ်းတွေ လို အပ်ချက်တွေကတော့ရှိတယ်။

TLT – လတ်တလောမှာ ကျားသစ်နက်စစ်ကြောင်းအနေနဲ့ ဘာတွေ လုပ်ဆောင်ဖြစ်နေလဲ။

– ကျွန်တော်တို့ အခုလက်ရှိစစ်ကြောင်းအနေနဲ့ကတော့ ကျွန်တော်တို့ ထိန်းချုပ်တဲ့ နယ်မြေတွေထဲမှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ ဥပမာ- ကျန်းမာကိစ္စပေါ့။ ကျန်းမာရေးကိစ္စဆိုရင်လည်း ကျွန်တော်တို့စစ်ကြောင်းရဲ့ ဆေးတပ်ဖွဲ့ကနေပြီးတော့ တာဝန်ယူပြီးကုသပေးနေတာတွေရှိတယ်။ နောက်ပြီးတော့ ရွာတွေထဲမှာရှိတဲ့  ကလေးသူငယ်တွေ သူတို့အတွက်ကို ကျွန်တော်တို့စစ်ကြောင်းကနေ (ကျားသစ်နက်စစ်ကြောင်း) ကနေ မတည်ပြီးတော့ စာသင်ကျောင်းတစ်ကျောင်းကို ကြားကာလပညာသင်ကြားရေးအနေနဲ့  ဖွင့်လှစ်ပေးတာရှိ တယ်။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ဥပမာ- သူတို့သွားလာနေတဲ့လမ်းတွေ ပျက်ဆီးနေတာမျိုးဆိုရင် ကျွန်တော်တို့ ပြင်ဆင်ပေးတာရှိတယ်။ ပြီးတော့ ပြည်သူတွေရဲ့ တခြားလိုအပ်ချက်တွေပေါ့နော်။ ဥပမာ- တိုက်ပွဲတွေဖြစ်လာလို့ စစ်ဘေးရှောင်မယ်ဆိုရင်လည်း စားနပ်ရိက္ခာ ထောက်ပံ့တာမျိုးတွေ၊ ဒီကြားထဲမှာ တချို့မိသားစုတွေဆိုရင် အဆင်မပြေတော့ဘူးဆို စစ်ကြောင်းကိုလာပြီး အကူညီတောင်းတာမျိုးတွေရှိတယ်။ အဲဒီလိုကြရင် ကျွန်တော်တို့အနေနဲ့ ရိက္ခာထောက်ပံ့တာမျိုးတွေရှိတယ်ပေါ့။ အဲဒီလိုအရာတွေကို ကျွန်တော် တို့အနေနဲ့ လက်ရှိမှာတော့ လုပ်ဆောင်ပေးနေပါတယ်။

TLT – ကျားသစ်နက်စစ်ကြောင်း စစ်ရေးလှုပ်ရှားတဲ့ ဒေသက စစ်ရှောင်ပြည်သူတွေမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲ။

– စစ်ဘေးရှောင်အများစုကတော့ သူတို့ရဲ့ အိုးအိမ်တွေပစ်ပြီးတော့ ပြေးရတာဆိုတော့ လိုအပ်ချက်တော့ များတယ်။ အဓိကတော့ တစ်ကိုယ်ရည်သုံး အသုံးဆောင်တွေ ပြီးတော့ စားနပ်ရိက္ခာကအစပေါ့။ အခုချိန်ဆို ကရင်ပြည်နယ်မှာ အေးတဲ့ရာသီရောက်လာပြီးဆိုတော့ ညအပူချိန်က ၁၅/၁၆ ပဲရှိတဲ့ အနေထားမှာ သူတို့က တောင်လျှို၊ တောင်ကြားတောတွင်းတစ်နေရာမှာ တာလဘတ်တွေပဲခင်းပြီး အိပ်ရတာမျိုးတွေ ရှိတဲ့ အနေ ထားတွေပေါ့။ အဲဒီလို အခက်အခဲတွေတော့ရှိပါတယ်။

TLT – ကျားသစ်နက်စစ်ကြောင်းရဲ့ နွေဦးတော်လှန်ရေး သံဓိဌာန်နဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

– ကျွန်တော်တို့ အနေနဲ့ကတော့ အဆုံးထိပဲ ဆက်သွားမယ်ဗျ။ ဒီအာဏာရှင်စနစ်ကြီး ပြုတ်ကျသွားတဲ့ထိ ကျွန်တော်တို့ ထုဆစ်နေတဲ့၊ ပုံဖော်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်ပေါ်လာတဲ့အထိ အဆုံး ထိကိုဆက်သွားပါ့မယ်။ လုံးဝတော့ နောက်ဆုတ်ဖို့တော့ မရှိပါဘူး။ ကျွန်တော့် တစ်ဦးချင်းအနေနဲ့ရော၊ စစ်ကြောင်းက ရဲဘော်တွေအနေနဲ့ရော အကုန်လုံးအနေနဲ့ လုံးဝတော့ နောက်ဆုတ်ဖို့မရှိပါဘူး။

TLT – နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာများ ပြောကြားချင်တာရှိမလဲ။

– ပြည်သူကတော့ သူတို့လုပ်နိုင်သလောက်ကို တာဝန်ကျေတော့ ကျွန်တော်တို့ကပဲ ပြန်ပြီးအားနာရတဲ့ သဘောပေါ့။ ဘာလို့လဲဆိုရင် ထင်သလောက် ကျွန်တော်တို့ မလုပ်နိင်သေးဘူးလို့ပဲ ကျွန်တော်တို့ ခံယူ ထားပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အများကြီး ကြိုးစားနေပါတယ်။ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသ လောက်ပေါ့။ ပြီးတော့ ပြည်သူတွေအနေနဲ့လည်း ဆက်ပြီးတော့ တောင့်ခံပေးပါ၊ ဆက်ပြီးတော့ အားပေးပါ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကြီး မကြာခင်ရောက်လာမှာပေါ့နော်။ အဲဒီတွက်လည်း ကျွန်တော်တို့ PDF ရဲဘော်တွေအနေနဲ့ အများကြီး ကြိုးစားနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.