ဒီပဲယင်း၊ ဖေဖော်ဝါရီ(၆)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးသင့်အိမ်ခြေမဲ့ပြည်သူ ငါးသောင်းကျော်ဟာ ဆေးရုံ၊ဆေးပေးခန်း တွေမရှိတော့တာကြောင့် ဆောင်းရာသီကနေ နွေရာသီအကူးရာသီအကူးအပြောင်းကာလမှာ ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေအတွက် အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရာသီဥတုအပူအအေးကြမ်းတဲ့ အညာဒေသထဲက မြို့နယ်တစ်ခုဖြစ်တဲ့ ဒီပဲယင်းမှာ စစ်ကောင်စီရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ်ခြေတွေအပါအဝင် သစ်ပင်တွေပါ ပျက်ဆီးခဲ့ရတာကြောင့် အခုလို ရာသီဥတု ဆိုးရွားတဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားလာကြရတာပါ။

“ကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နာမကျန်းဖြစ်သူတွေ၊ အဘိုးအဘွားတွေ၊ ကလေးငယ်တွေ တော်တော်ဒုက္ခရောက်နေတာ။ မီးရှို့ပြီး ကျန်နေတဲ့သွပ်လေးတွေကို မိုးကာပြီးနေနေကြရတယ်။ ရာသီဥတုက ဒီရက်ပိုင်းဖောက်လာတာ။ မိုးအုံ့လိုက်၊ အအေးပေါ့ပြီး ပူလာလိုက်နဲ့။ အထူးသဖြင့် ဘိုးဘွားတွေ ကျန်းမာရေး တအားစိုးရိမ်ရတယ်။ အကယ်လို့များ ကျန်းမာရေးတစ်ခုခုဖြစ်လာရင် သူတို့အနေနဲ့ အသေခံရမယ့် အခြေအနေ မျိုးဖြစ်နေတာ။ ဘာလို့ဆို သူတို့မှာဆေးကုသစရာ ပြစရာဆေးရုံရယ်လို့ မရှိဘူးဗျ။ ဒီပဲယင်းနယ်တဝိုက်က ဆေးရုံတွေဆိုတာကလည်း စစ်ကောင်စီတပ်စွဲထားတာ။ ဆေးခန်းတော်တော်များများက မရှိတော့ဘူး။ နီးစပ်ရာ ဆရာဝန်၊ ဆရာမလေးတွေနဲ့ချိတ်ဆက် ကုနေရတာမျိုးဆိုတော့။ တကယ်ကျန်းမာရေး တစ်ခုခု ချို့ယွင်းခဲ့ရင် မလွယ်ကူလှဘူးဗျ”လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ခံ ကိုကြီးဖြိုးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီပဲယင်းဒေသဟာ ဒီနေ့အထိကျေးရွာ(၁၃)ရွာနဲ့ ရပ်ကွက် (၁)ရပ်ကွက်၊နေအိမ်အားဖြင့် ငါးထောင့်ငါးရာကျော် မီးရှို့ခံထားရတာပါ။

မီးရှို့ခံရတဲ့ ရွာတွေက လက်ယက်ကုန်း၊ မူကတွင်း၊ ညောင်လှ၊ သရက်တော၊ အောင်ချမ်းသာ၊ နတ်ယက်ကန်း၊ အုန်းတပင်၊ ယဉ်ကျေး၊ မုရိုးကုန်း၊ မစိုးရိမ်စတဲ့ ရွာတွေဖြစ်ပါတယ်။

မီးရှို့ခံရတဲ့ ရွာတွေက ပြည်သူတွေဟာ ယာယီတဲဆောက်ဖို့အတွက်တောင် အတော်အခက်အခဲတွေ့ နေရ တယ်လို့ သိရပါတယ်။

နေအိမ်ဆုံးရှုံးရသူတွေ များလာတာကြောင့် အမိုးအတွက် ထန်းရွက်နဲ့ အိမ်တိုင်အတွက် ဝါးတိုင်တောင် ရရှိဖို့မလွယ်တော့ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

အမိုးအတွက် ထန်းရွက်တွေကို ထန်းတော ပိုင်ရှင်တွေဆီ အလကားရပေမယ့် ထန်းရွက်လိုအပ်သူများလာတာကြောင့် လုံလောက်မှုမရှိသလို မျောတိုင်အတွက် ဝါးခုတ်ဖို့လူငှားခနဲ့ ဝါးဝယ်ဖို့ငွေကြေးကအစ ခက်ခဲနေကြတယ်လို့ ကိုကြီးဖြိုးက ဆိုပါတယ်။

ဒီပဲယင်းအတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ကျပ်ငွေ ၃၇၄ သိန်းကျော်၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနထံမှ ငွေကျပ်( ၄၆) သိန်းကျော်ကို ထောက်ပံ့ကူညီထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းတစ်ခုလုံးမှာ ဒီပဲယင်းမြို့နယ်ဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုအများ ဆုံးမြို့နယ်ဖြစ်ပြီး အဲဒီထဲက လက်ယက်ကုန်းကျေးရွာဟာ ၂၀၂၂ စက်တင်ဘာ ၁၆ရက်မှာ လေ ကြောင်း တိုက်ခိုက်မှုလည်း ခံထားရတာပါ။

ဒီပဲယင်းက စစ်ရှောင်ပြည်သူတွေအများစုဟာ ဘုန်းကြီးကျောင်းတွေမှာ ရှောင်တိမ်းနေကြရတာဖြစ်ပြီး စားနပ်ရိက္ခာအတွက် နီးစပ်ရာရွာတွေက ကူညီပေးနေကြရတာလို့လည်း သိရပါတယ်။

စစ်ကောင်စီက စပါးတိုက်တွေ၊ မြေပဲလှောင်ထားတာတွေကိုလည်း တမင်ရွေးချယ်မီးရှို့ဖျက်ဆီးသွားတာ မျိုးတွေလည်း ရှိနေတာကြောင့် စားနပ်ရိက္ခာလည်း အဆင်မပြေဖြစ်နေကြရတာပါ။

လက်ရှိမှာ စစ်ကြောင်းအခြေအနေအေးသွားတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ နေရပ်ပြန်ဖို့ ကြိုးစားနေ ကြပေမယ့် နေစရာအိမ်တွေနဲ့ လုပ်ငန်းလုပ်ကိုင်စရာ ပစ္စည်းတွေ မီးလောင်ဆုံးရှုံးထားတာကြေင့် နေရပ်ပြန်ဖို့ အခက်တွေ့နေကြရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.