မော်လမြိုင်၊ ဖေဖော်ဝါရီ(၇)

စစ်ကောင်စီက နိုင်ငံတစ်ဝန်းလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလကို နောက်ထပ်(၆) လ သက်တမ်းထပ်တိုးတာ၊ ရွေးကောက်ပွဲအတွက် စစ်အုပ်ချုပ်ရေး ကြေညာမှုတွေဟာ အာဏာငမ်းငမ်း တက်မှုသာဖြစ်ပြီး တရားဝင်မှုမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ အဆင့်သင့်မဖြစ်သေးကြောင်းနဲ့ နိုင်ငံဟာ သာမန်အခြေအနေမဟုတ်ကြောင်း တင်ပြလာတဲ့အတွက် သက်တမ်းထပ်တိုးပေးခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တင်ပြချက်ကို ကာလုံအစည်းအဝေး တက်ရောက် သူ အားလုံးအပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုရုံးကလည်း သဘောတူညီခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ နောက်ထပ် ၆ လ စစ်ကောင်စီကို သက်တမ်းထပ်တိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ စစ်ကောင်စီအနေနဲ့ အခုသက်တမ်း တိုးလိုက်တဲ့ (၆)လ ကုန်ဆုံးပြီးရင် နောက်ထပ်လည်း သက်တမ်းဆက်တိုးဦးမှာဖြစ်ကြောင်းနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ အာဏာငမ်းငမ်းတက်မှုသာဖြစ်တယ်လို့ ဝေဖန်တာပါ။

“သူ့ဖာသာသူ ဘာမှမရှိတဲ့ဟာကို ခြောက်လတိုးတို့၊ တစ်နှစ်တိုးတို့၊ နှစ်နှစ်တိုးတို့ လျှောက်လုပ်နေတာ။ မရှိတဲ့ဟာကို မရှိသလိုပဲ ငါတို့ထားရတော့မှာပဲ။ သူတို့ပြောတဲ့ဟာကိုလည်း ဘာမှနားမထောင်ဘူး။ သူတို့ ကတော့ အာဏာငမ်းငမ်းတက်နေတော့ ခြောက်လတိုးပြီးရင်လည်း နောက်ထပ်မကုန်ဆုံးနိုင်တဲ့ ခြောက်လတွေ လျှောက်လုပ်ဦးမှာဘဲ။ အဲဒီလိုလူတွေနဲ့ အချိန်ကုန်ခံပြီး ဘာမှဆွေးနွေးစရာလည်း မလိုဘူး”လို့ ဆိုပါတယ်။

သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း တိုင်းနဲ့ပြည်နယ် ၈ ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Marial Law) အမိန့် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေထဲက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့ နယ်နဲ့ မွန်ပြည်နယ်ရေးမြို့နယ်တို့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်မှုအောက်ထဲမှာ ပါဝင်နေတဲ့ မြို့နယ်တွေလည်း ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ စစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ပြီး တရားမဝင်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ဘာမှနားထောင်စရာမလိုဘဲ လုပ်စရာရှိတာကိုသာ ဆက်လုပ်သွားမယ်လို့ ပဒိုစောတောနီးက တုံ့ပြန်လိုက်ပါတယ်။

“သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း သူကိုယ်တိုင်ပဲဖောက်ဖျက်ပြီးတော့ ဖျက်ဆီးလိုက်ပြီလေ။ အခုဘာမှမရှိဘူး။ ဘာမှလျှောက်ပြောနေစရာမလိုဘူးလေ။ နောက်တစ်ချက်က ဘာလဲ ဆိုတော့ အဲဒီမလုပ်ခင်ကတည်းက ဘာထူးလို့လဲ တိုင်းပြည်မှာ သတ်ချင်တိုင်းသတ်၊ ဖြတ်ချင်တိုင်းဖြတ်၊ လုပ် ချင်တိုင်းလုပ်နေတဲ့ကောင်တွေ၊ လူထုကို ဗုံးကြဲတာတို့၊ လက်နက်ကြီးနဲ့ပတ်ခတ်တာတို့၊ မဆင်မခြင်လုပ်တဲ့ ဟာတွေကနေ့တိုင်းကိုဖြစ်နေတဲ့အခါ ဘာများသွားထူးမလဲ။ ဒီမာရှယ်လော လျှောက်လုပ်နေတာ။ သက်သက် မဲ့ကို ပြည်တွင်းကလူတွေရော၊ နိုင်ငံတကာကလူတွေပါ မျက်စိလည်အောင်လျှောက်လုပ်နေတဲ့ ကိစ္စတွေဖြစ် တယ်။ အမှန်မှာ သူ့မှာဘာမှမရှိတော့ဘူး။ သူကိုယ်တိုင်က လုံးဝတရားမဝင်တဲ့သူ၊ ဘာမှပြောစရာလည်း မလိုဘူး။ ကျွန်တော်တို့လဲ ဘာမှနားထောင်စရာလည်းမလိုဘူး။ အဲဒီတော့ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ဖို့ပဲရှိတယ်” လို့ပြောပါတယ်။

စစ်ကောင်စီဟာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ မြို့နယ်တွေမှာတော့ အုပ်ချုပ်ရေးထဲမှာ ပါဝင်တဲ့ လုံခြုံရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ကုန်သွယ်ရေးကိစ္စအပြင် သယ်ယူပို့ဆောင်ရေးကိစ္စတွေကိုပါ စစ်ကောင်စီ စစ်တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတွေကို လုပ်ပိုင်ခွင့်ပေးအပ်ထားတာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေက စစ်ခုံရုံးတွေမှာ နိုင်ငံတော် ပုန်ကန်မှု၊ အစိုးရကိုအကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ လက်နက်အက်ဥပဒေအရပြစ်မှုတွေ၊ လူသတ်မှု၊ အစိုးရဝန်ထမ်းတစ်ဦးကို ပြစ်မှုကျူးလွန်စေဖို့ သွေထိုးလှုံ့ဆော်ခြင်း အပါအဝင် အမှုပေါင်း ၂၃ မျိုးကို စစ်ဆေးစီရင်နိုင်ပြီး အမြင့်ဆုံးပြစ်ဒဏ်တွေသာချမှတ်ဖို့ ညွှန်ကြားထားတာပါ။

လက်ရှိမှာ စစ်ကောင်စီဟာ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး (၁)နှစ် ထပ်တိုးတယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် KNU အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ တော်တော်များများနဲ့ တိုက်ပွဲပိုမိုပြင်းထန်လာနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.