ရေး၊ ဖေဖော်ဝါရီ(၄)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး – သံဖြူဇရပ်ကားလမ်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးသွားတယ်လို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီနေ့ မနက် ၈ နာရီလောက်မှာ အောင်သပြေကျေးရွာအနီး ကင်းပုန်းလာဝပ်နေတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က စနိုက်ပါနဲ့ သွားရောက် ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာလည်း သံဖြူဇရပ်ဘက်ကို တက်လာတဲ့ ကား ၈ စီးပါ စစ်ကောင်စီယာဉ်တန်းကို အေးကမ္ဘာရွာအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်းနဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တဆက်တည်း ရေးဘက်ကနေ သံဖြူ ဇရပ်ဘက်ကို မောင်းနှင်းလာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကလိန်ပဒေါနဲ့ကျုံမတီးရွာကြားမှာ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဝင် ၂ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ခြုံခိုတိုက်ခိုက်ခံရတဲ့ စစ်ကေင်စီတပ်ဟာ အေးကမ္ဘာကျေးရွာ၊ ရေး – သံဖြူဇရပ်ကားလမ်းပေါ်မှာ သဲကျောက်ကားမောင်းသူ အသက် ၂၉ နှစ်အရွယ် လမိုင်းမြို့နေ ကိုအောင်နိုင်စိုးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သွားတာကြောင့် ပေါင်ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ကင်းပုန်းလာဝပ်တာတွေ ရှိနေတာပါ။

မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း ဝဲခမိကျေးရွာအနီးမှာ လမ်းကင်းလုံခြုံရေးလာယူတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.