မော်လမြိုင်၊ ဖေဖော်ဝါရီ(၄)

ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးရှိ တိုက်ပွဲမှာ ဒေသခံနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ သထုံခရိုင်ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ အာဏာရှင်အလိုကျ မွန်လူထုကို သွေးခွဲတယ်လို့ မှတ်ယူနိုင်ပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတယ်လို့ KTLA ရဲ့ Lion Battalion Commamdo ဗျူဟာစစ်ကြောင်းက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၀)ရက်နေ့ကနေ (၂၆)ရက်နေ့အတွင်း ကျုံဒိုးမြို့အနီး ကမ်းနီ ၊ အံဂလုံ၊ ညောင်ရိပ်နဲ့ ကော့ကျိုက်ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အဲဒီတိုက်ပွဲဖြစ်စဉ်အတွင်း ကျေးရွာလူထုနေအိမ်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ်ပေါင်း (၂၀၀)ကျော် ပစ်ခတ်ခဲ့တဲ့အတွက် သာသနိကအဆောက်ဦးနဲ့ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျုံဒိုးမြို့အနီး ဒေသခံနေအိမ်အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့ရတာနဲ့ပတ်သက်လို့ တော်လှန် ရေးအင်အားစုတွေဘက်က မီးစတင်ရှို့ရာကနေ ဒေသခံနေအိမ်တွေ မီးကူးစက်လောင်ကျွမ်းခဲ့သလို နှစ်ဖစ်တိုက်ပွဲကြောင့်လည်း နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားတာပါ။

မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း စစ်ကောင်စီကို တွန်းလှန်နေတဲ့အချိန်အခါမှာ မွန်လူထုရဲ့ သဘောထားကို လျစ်လျူရှုသွေဖယ်ပြီး မိမိကိုယ်ကျိုးရလိုမှုတစ်ခုအတွက် လူမျိုးရေးအမုန်းတရားဆန်ဆန် ထုတ်ပြန်ချက်တွေဟာ အာဏာရှင်ကို သက်ဆိုးရှည်စေတယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ ထုတ်ပြန်တဲ့အကြောင်း အရာတွေဟာ တိကျခိုင်လှုံမှုမရှိသလို မွန်လူထုကို အာဏာရှင်အလိုကျ သွေးခွဲသည်ဟုသာမှတ်ယူနိုင်ကြောင်း Lion Battalion Commamdo ဗျူဟာစစ်ကြောင်းက ဆိုထားပါတယ်။

Lion Battalion Commamdo ဗျူဟာစစ်ကြောင်း ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ၅ ကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၃)ကနေ (၂၅)ရက်နေ့အတွင်း စစ်ကောင်စီတပ်ကြောင့် ကမ်းနီကျေးရွာရှိ နေအိမ် (၅)လုံး မီးလောင်ပျက်စီးခဲ့ရသလို ပူးပေါင်းတပ်ဖွဲ့များ မီးရှို့တယ်လို့ စွပ်စွဲခဲ့တဲ့ ညောင်ရိပ်သာကျေးရွာမှာတော့ ဇန်နဝါရီ(၂၆)ရက်နေ့ မနက်(၁၁)နာရီအချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ မနက်(၉)နာရီ(၄၉)မိနစ်အချိန်ကတည်းက တိုက်ပွဲဧရိယာကနေ ပြန်လည်ဆုတ်ခွာခဲ့ပြီကာ (၂၆)ရက်နေ့ကနေ (၂၉)ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ Lion Battalion Commamdo ဗျူဟာစစ်ကြောင်းက ရှင်းလင်းချက် ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.