ရေဖြူ၊ ဖေဖော်ဝါရီ(၄)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၁ ဦး ပြန်လွတ်လာပေမယ့် ၃ ဦး ကျန်နေသေးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ဖမ်းဆီးသွားတဲ့ ဒေသခံ ၁၁ ဦးကို မနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းမှာ မောရဝတီရေတပ်စခန်းကနေ နေအိမ်တွေကို လာပြန်ပို့သွားခဲ့တာပါ။

ပြန်လည်လွတ်မြောက်လာသူထဲမှာ ကိုအာကာမာန်၊ ဦးထွန်းရှိန်၊ ဒေါ်ပု၊ ဒေါ်ခင်ဆွေလတ်၊ ဦးမောင်မောင်၊ ဒေါ်မာရီ၊ ဒေါ်ချိုလတ်၊ ဒေါ်ချိူချိုအောင်၊ ဒေါ်မိဆန်းတင်၊ ဒေါ်နီနီ၊ ဦးဆန်းဦးတို့ ပါဝင်တာပါ။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကံပေါက်အုပ်ချုပ်ရေးမှူး ဦးခင်စိုး၊ တပည့်ဖြစ်သူ ဦးလှဌေးနဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးဟန်တို့ကို ဒေသခံ PDF တွေ လာရောက် ပစ်ခတ်မှုပြီးနောက် ဒေသခံ ၁၄ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို တစ်ပတ်ကျော်အကြာ စစ်ဆေးမေးမြန်းပြီးနောက် ၁၁ ဦးကို ပြန်လွှတ်ပေးလိုက်ပေမယ့် ကိုမင်းမင်း၊ မလယ်တီဖွား(ခ)သိဂျီစိုး၊ ဒေါ်မိဆန်းတို့ ၃ ဦးကိုတော့ မောရဝတီရေတပ်စခန်းမှာ ဆက်လက်ဖမ်းဆီးထားပါတယ်။

ကံပေါက်ဒေသမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအပါအဝင် ၃ ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဆိုင်ကယ်စီးနင်းခွင့်ကို ကန့်သတ်ထားကြောင့် ဒေသခံတွေမှာ သွားရေးလာရေး အခက်အခဲ ဖြစ်နေကြတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.