နေပြည်တော် ၊ ဖေဖော်ဝါရီ (၄)

တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာအရပ်ရပ်ကို လုယူထားတဲ့ စစ်အုပ်စုက အာဏာလက်မလွှတ်ရင် နောက်ခြောက်လလည်း တိုင်းပြည်အခြေအနေ တည်ငြိမ်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရက တုံ့ပြန်လိုက်ပါတယ်။

အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ခေါ်ယူကျင်းပခဲ့တဲ့ ကာလုံအစည်း အဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ အဆင်သင့် မဖြစ်သေးကြောင်းနဲ့ နိုင်ငံဟာ သာမန်အခြေအနေမဟုတ်ကြောင်း တင်ပြခဲ့တဲ့အတွက် နောက်ထပ် ခြောက်လ သက်တမ်းထပ်တိုးပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ထပ်တိုးခဲ့တဲ့ ခြောက်လသက်တမ်းဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေကို ပြောင်းလဲဖွဲ့စည်းတာအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုက မြို့နယ် ၃၇ ခုမှာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးဖို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ သက်တမ်းထပ်တိုးပြီး အာဏာလုယူထားတဲ့ စစ်အုပ်စုဟာ တိုင်းပြည်ကို သာမာန်အခြေအနေရောက်အောင် စစ်ရေးအရှိန်မြှင့်မယ့် သဘောတွေ့နေရပြီး လူထုနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အာဏာလုယူထားတဲ့ကာလကို သူတို့ ခြောက်လထပ်တိုးတယ်။ပြီးတော့ လက်ရှိသူတို့ ခင်းကျင်းလာတဲ့အခင်းအကျင်းကို သုံးသပ်ကြည့်ရတာတော့ တိုင်းပြည်ကို သာမန်အခြေအနေရောက်အောင် စစ်ရေးအရှိန်မြှင့်မယ့် သဘောတွေ တွေ့နေရတယ်။ အဲဒီတော့ သေချာတာတစ်ခုက ပြည်သူလူထုဘက်ကရော တော်လှန်ရေးအင်အားစုဘက်ကရော အလျှော့ပေးမှာ မဟုတ်ဘူး။ တော်လှန်ရေးပြီးဆုံးတဲ့အထိ သန္နိဌာန်ခိုင်ခိုင်မာမာနဲ့ တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အတွက် နောက် ၆ လကလည်း သူတို့သာ (စကစ) မဆင်းပေးရင် အကြမ်းဖက်စစ်အုပ်စုကသာ ပြည်သူ့အာဏာကို လုယူထားတာကို လက်မလွှတ်ဘူးဆိုရင် နောက်ခြောက်လလည်း ဒီကိစ္စက တည်ငြိမ်မှာမဟုတ်ဘူး၊ ပြေလည်မှာ မဟုတ်ဘူး”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း လက်ရှိအခြေအနေမှန်ကို သုံးသပ်ပြီးတော့ စစ်အုပ်စုနဲ့လမ်းခွဲပြီး ပြည်သူ့ဘက်ကို အမြန်ဆုံးခိုလှုံရပ်တည်မယ်ဆိုရင် တော်လှန်ရေးအမြန်ပြီးဆုံးကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုရောက်မှသာ တိုင်းပြည်ဟာ သာမန်အခြေအနေကို ရောက်ရှိမှာဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ထောက်ပြပါတယ်။

တစ်ဖက်မှာတော့ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို မဖြစ်မနေအောင် ဆောင်ရွက်သွားမှာ ဖြစ် ကြောင်းနဲ့ မဲပေးခြင်း၊ မပေးခြင်းက ပြည်သူတစ်ဦးရဲ့ဆန္ဒဖြစ်တဲ့အတွက် မဲပေးနိုင်ဖို့ အစိုးရရဲ့တာဝန် ဖြစ်တယ်လို့ ကာလုံအစည်းအဝေးမှာ အခိုင်အမာပြောဆိုနေတာပါ။

ဒါ့အပြင် ရွေးကောက်ပွဲကို နိုင်ငံတဝန်းရှိ နေရာဒေသအသီးသီးမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် မဖြစ်မနေအောင် လုပ်နိုင်ရမှာဖြစ်ကာ ဒါမှသာ ရွေးကောက်ပွဲအောင်မြင်မှာဖြစ်ပြီး လွှတ်တော်အစည်းအဝေးကို ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်မယ်လို့ သူက ဆိုပါတယ်။

ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီအနေနဲ့ တရားဝင်အစိုးရမဟုတ်တဲ့အတွက် ရွေးကောက်ပွဲ လုပ် ပိုင်ခွင့်မရှိသလို ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“နံပါတ်တစ်အချက်က သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး။ တရားဝင်အစိုးရမဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ဒီလိုမျိုး ရွေးကောက်ပွဲတစ်ခုကို လုပ်ပိုင်ခွင့်ရှိတဲ့ တရားဝင်မှု Legitimacy ရှိမနေဘူး။ နံပါတ် ၂အချက်အနေနဲ့ သူပြောသလိုပဲ သူတို့လုပ်နိုင်စွမ်းမရှိဘူး၊ ဘယ်လိုမှ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့လုပ်ဖို့ လက်ရှိအခြေအနေက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အရေးကြီးဆုံးအချက်က ဘယ်လိုပဲ လုပ်လုပ်၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ပြည်သူလူထုအနေနဲ့ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးဆိုတာ ၂ နှစ်တာကာလအတွင်း နည်လမ်းမျိုးစုံနဲ့ ပြခဲ့ပြီးဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူလုပ်ခဲ့ရင်တောင် ပြည်သူလူထုပူးပေါင်းပါဝင်မှာ မဟုတ်တဲ့အတွက် ဒီကိစ္စကြီးက တရားဝင်မှာမဟုတ်ဘူးလို့ ပြောချင်တယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကိုသာ တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ပြီး မြို့နယ် ၁၃၂ ခုကိုတော့ လုံခြုံရေး ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကာလုံအစည်းအဝေးမှာ ဝန်ခံထားတာပါ။

နိုင်ငံရေးလေ့သာသုံးသပ်သူတွေကတော့ စစ်ကောင်စီအနေနဲ့ လက်ရှိတိုးယူထားတဲ့ သက်တမ်းခြောက်လကုန်ဆုံးလို့မှ ရွေးကောက်ပွဲမလုပ်နိုင်ရင် နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးယူပြီး အသာစီးရမယ့် အခြေအနေမှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်ကောင်စီဟာ တဖက်မှာတော့ စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလွဲရင် ကျန်နိုင်ငံရေးပါတီတွေကို ကန့်သတ်ချက်တွေများစွာ ထည့်သွင်းထားတဲ့ နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။

ပါတီမှတ်ပုံတင်ဥပဒေကြောင့် နိုင်ငံရေးပါတီတွေဟာ ပါတီအဖြစ်ကနေ အလိုလိုဖျက်သိမ်းခံရမယ့် အခြေအနေရှိနေပြီး ဥပဒေပြဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံမတင်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုလိုပျက်ပြယ်သွားမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.