မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄)

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကို ဂရုစိုက်သွားမှာမဟုတ်သလို နွေဦးတော်လှန် ရေး ပိုမိုအရှိန်အဟုန်မြှင့်တင်သွားမယ်လို့ တော်လှန်ရေးအင်အားစုတွေက တုံ့ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အရေးပေါ်ကာလကို ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ ၆ လ သက်တမ်းထပ်တိုးပြီးနောက် တိုင်းဒေသကြီးနဲ့ပြည်နယ် ၈ ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်လာတာပါ။

စစ်အုပ်ချုပ်ရေးကြေညာခံတဲ့ မြို့နယ်တွေထဲမှာ စစ်ကိုင်းတိုင်းက မြို့နယ်(၁၁)မြို့နယ်၊ ချင်းပြည်နယ်က (၇) မြို့နယ်၊ ပဲခူးတိုင်းက (၅) မြို့နယ်၊ မကွေးတိုင်းက(၅) မြို့နယ်၊ ကယားပြည်နယ်က (၄) မြို့နယ်၊ တနင်္သာရီတိုင်းက (၂) မြို့နယ်၊ ကရင်ပြည်နယ်က (၂) မြို့နယ်နဲ့ မွန်ပြည်နယ်က (၁) မြို့နယ်တို့ ပါဝင်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကတော့ စစ်တပ်အာဏာသိမ်းပြီးကတည်း စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ထားတာကြောင့် နွေဦးတော်လှန်ရေးအမြန်ဆုံး အဆုံးသတ်ဖို့အတွက် စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့အုပ်ချုပ်မှုဒေသလို့ပဲ ကျွန်တော်တို့တွေက မြင်တယ်ခင်ဗျ။ သူတို့ဘာသူတို့ ပုံစံပဲပြောင်းပြောင်း၊ ဒီစစ်အုပ်ချုပ်ရေးနဲ့ သွားမယ့်ပုံစံဘယ်လောက်ပဲ ပြောပြော ကျွန် တော်တို့ရဲ့ အမြင်မှာတော့ ဒီကောင်တွေကပြည်သူတွေကို ဖိနှိပ်မယ်။ နောက်တစ်ခုက အာဏာကိုလုယူထားတယ်။ ပြည်သူ့အာဏာကိုလုယူထားတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ စစ်အုပ်ချုပ်မှုစနစ်ဟာ ဟိုးအာဏာစသိမ်းပြီးကတည်းက ၂၀၂၁ ကတည်း က ဒီအုပ်ချုပ်မှုစနစ်ဟာလည်ပတ်နေတာပဲ။ ကျွန် တော်တို့အနေနဲ့ ရှည်ရှည်ဝေးဝေးပြောဖို့တော့မရှိဘူး။ ဘယ်လိုပုံစံမျိုးပဲ အုပ်ချုပ်၊ အုပ်ချုပ် ကျွန်တော်တို့တွေက တော်လှန်သွားမယ်။ မရ ရတဲ့နည်းနဲ့ချမယ်။ အလွတ်မပေးဘူး။ အလစ်မပေးဘူး။ လစ်ရင်လစ်သလိုဆော်မယ်။ ဒီထက်မကကြီးမားတဲ့ သက်ရောက်မှုမျိုးတွေလုပ်ဖို့ အများကြီးပြင်ဆင်ထားတယ်” လို့ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာတော့ စစ်ကောင်စီစစ်တိုင်းမှူးတွေက အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို အပြည့်အဝလုပ်ပိုင်ခွင့်ပေးထားပြီး အယူခံတက်ပိုင်ခွင့်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တရားစီရင်ရေးမှာ အမြင့်ဆုံးပြစ်ဒဏ်၊ သေဒဏ်တွေချမှတ်နိုင်ပြီး သေဒဏ်စီရင်ပါက စစ်ကောင်စီဥက္ကဋ္ဌ အတည်ပြုချက်ရယူရမှာဖြစ်သလို နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်တွေကိုတော့ စစ်တိုင်းမှူးနဲ့ ဒေသကွပ်ကဲရေးမှူးတွေက လုပ်ဆောင်နိုင်တယ်လို့ ဖော်ပြပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံကတော့ ဒီးမော့ဆိုပြည်သူတွေဟာ စစ်အုပ်ချုပ်ရေးအောက်မှာမရှိနေသလို အများစုဟာ နေရပ်စွန့်ခွာထွက်ပြေးနေပြီး သူတို့အနေနဲ့ အုပ်ချုပ်ဖို့ လူမရှိဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ဒီဘက်မှာ စစ်အုပ်ချုပ်မှုအောက်မှာမရှိပါဘူး။ သူတို့ရှိတဲ့နေရာဆို လူမှမရှိတာ။ လူက တော့ အကုန်လုံးစစ်ရှောင်နေကြတာ” လို့ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေက စစ်ခုံရုံးတွေမှာ နိုင်ငံတော် ပုန်ကန်မှု၊ အစိုးရကိုအ ကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ လက်နက်အက်ဥပဒေအရပြစ်မှုတွေ၊ လူသတ်မှု၊ အစိုးရဝန်ထမ်းတစ်ဦးကို ပြစ်မှုကျူးလွန်စေဖို့ သွေးထိုးလှုံ့ဆော်ခြင်းအပါအဝင် အမှုပေါင်း ၂၃ မျိုးကို စစ်ဆေးစီရင်နိုင်တယ်လို့ ဖော်ပြပါရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့နယ်တွေဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.