သံဖြူဇရပ်၊ ဖေဖော်ဝါရီ(၃)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖေဖော် ဝါရီ ၂ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ သဲကျောက်ကားမောင်းသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ် လမိုင်းမြို့နေကိုအောင်နိုင်စိုးဟာ သံဖြူဇရပ်မြို့နယ် ပငကျေးရွာကနေ လမိုင်းမြို့ ဘက်ကို ကားမောင်းပြီးပြန်လာစဉ် စစ်ကား ၂ စီးက ကျော်တက်ဖို့လုပ်နေလို့ လမ်းဘေးချပေးလိုက်ချိန်မှာ စစ်ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကိုအောင်နိုင်စိုးမှာ ဝဲဘက်ပေါင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့တဲ့အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လမိုင်းဆေးရုံကနေ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါ တယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့တုန်းကလည်း ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာ ရန်ကုန်-မော်လမြိုင် လမ်း ပေါ်မှာ စစ်ကောင်စီယာဉ်တန်းက ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ခရီးသွားဒေသခံ ၃ ဦးကျည်ထိမှန်ဒဏ်ရာ ရရှိ ခဲ့ပါသေးတယ်။

သံဖြူဇရပ်-ရေးကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေဟာ မကြာခဏတိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ်တွေဟာ သူတို့ကားနဲ့သွားလာချိန် ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.