နေပြည်တော် ၊ ဖေဖော်ဝါရီ (၃)

အရေးပေါ်ကာလသက်တမ်း ၆ လထပ်တိုးပြီး အာဏာဆက်ယူခဲ့တဲ့ စစ်ကောင်စီက သူတို့ ကျင်းပမယ့် ရွေး ကောက်ပွဲကို တိုင်းဒေသကြီးနဲ့ပြည်နယ် ဒေသအသီးသီးမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် မဖြစ်မနေအောင် လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်တပ် အာဏာသိမ်း၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ခေါ်ယူကျင်းပခဲ့တဲ့ ကာလုံလို့ ခေါ်တဲ့ စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြည့်ရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေ စတင်ကျင်းပတဲ့ ပထမဦးဆုံးနေ့မှာ အစည်းအဝေးတက် ရောက်သူ ၅၀ ရာခိုင်နှုန်းနဲ့အထက် ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲကို ဒေသအသီးသီးမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် မဖြစ်မနေလုပ်နိုင်ရမှာဖြစ်ကာ ဒါမှသာ ရွေးကောက်ပွဲအောင်မြင်မှာဖြစ်ပြီး အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်မယ်လို့ သူက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၄ ပုဒ်မ ၈၅ (က) အရ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတစ်ရပ်ရဲ့ ပထမနေ့မှာ အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေရဲ့ ထက်ဝက်ကျော်တက်ရောက်ပါက အစည်းအဝေးအထမြောက်တယ်လို့ ပြဌာန်းထားတာပါ။

ရွေးကောက်ပွဲကို ဒေသအသီးသီးမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် မဖြစ်မနေအောင်လုပ်ဖို့ စစ်ခေါင်းဆောင်ရဲ့ ပြော ဆိုမှုဟာ နိုင်ငံကို တည်ငြိမ်အောင်မထိန်းနိုင်သေးဘူးဆိုတာ ဝန်ခံရာရောက်တယ်လို့ ဝါရင့်နိုင်ငံရေးသမား ဦးဖေ သန်းက ထောက်ပြပါတယ်။

“အဲဒီလိုပြောလိုက်တဲ့အတွက် လက်ရှိ စစ်ကောင်စီအနေနဲ့ နိုင်ငံတော်ကို တည်ငြိမ်အောင် မထိန်းနိုင်သေး ဘူး ဆိုတာ သူ့အနေနဲ့ ဝန်ခံရာရောက်တယ်။ အခုလည်းပဲ ဒီခြောက်လအတွင်း ရွေးကောက်ပွဲလုပ်မယ်လို့ ပြောမထားတဲ့အခါမှာ ဒီခြောက်လကုန်ရင်လည်း သာမာန်အခြေအနေမဟုတ်တဲ့အတွက် ထပ်ပြီးတော့ တိုးမှာပဲ။ အဲဒီနောက် ခြောက်လအတွင်းမှာ လုပ်မလား၊ ဒါမှဟုတ် ဘယ်ခြောက်လအတောတွင်းမှာ လုပ်မလဲဆိုတာ ရွေးကောက်ပွဲရက်ကို မသတ်မှတ်တဲ့အတွက် ပြောဖို့ခက်တယ်။ သူ့အနေနဲ့ သူတို့ အကျိုးစီးပွားအတွက်ဆိုရင် မီးစင် ကြည့်ကသွားမယ့် သဘောရှိတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိ တိုးယူထားတဲ့ ခြောက်လသက်တမ်းကုန်ဆုံးလို့ ရွေးကောက်ပွဲမကျင်းပနိုင်ရင် နောက်ထပ်သက်တမ်းတိုးပြီး အသာစီးရယူနိုင်တဲ့ အခြေအနေမျိုးမှာ ရွေးကောက်ပွဲလုပ်လာနိုင်ဖို့ ကြိုးစား လာလိမ့်မယ်လို့ ဦးဖေသန်းက သုံးသပ်တာပါ။

ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ အဆင့်သင့် မဖြစ်သေးကြောင်းနဲ့ နိုင်ငံ့ဟာ သာမာန်အခြေအနေ မဟုတ်ကြောင်း တင်ပြလာလို့ ကာလုံအဖွဲ့ဝင်တွေရဲ့ သဘောတူဆုံးဖြတ်ချက်အရ သက်တမ်းထပ်တိုးပေးခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

တစ်ဖက်မှာတော့ လုံခြုံရေးအလေးထားရမယ့် မြို့နယ်ပေါင်း ၆၇ မြို့နယ်နဲ့ လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ပေးရမယ့် မြို့နယ် ၆၅ မြို့နယ်ရှိပြီး အချို့ကျေးလက်ဒေသတွေမှာ လုံခြုံရေးပိုမိုလိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးမှာ ဝန်ခံထားတာပါ။

နိုင်ငံအတွင်းရှိ တိုင်းနဲ့ပြည်နယ်တွေမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အတွက် စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်းရဲ့ ၆၀ ရာခိုင်နှုန်း မြို့နယ်အနေနဲ့ ၁၉၈ ခုလောက်သာ ရာနှုန်းပြည့် တည်ငြိမ်အေးချမ်းအောင် ထိန်း ချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီအနေနဲ့ မြို့နယ် ၂၀၀ နီးပါးလောက်မှာ ရွေး ကောက်ပွဲကျင်းပနိုင်ပေမယ့် ပါတီတွေရဲ့ လွတ်လပ်စွာ စည်းရုံးခွင့်၊ မဲရုံတွေရဲ့ လုံခြုံရေးတွေမှာတော့ တာ ဝန်ယူနိုင်တဲ့ အခြေအနေမရှိဘူးလို့ သုံးသပ်ပါတယ်။

“မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက်မှာ မြို့နယ် ၂၀၀ နီးပါးလောက်မှာ ကျင်းပနိုင်ရင် သူ့ရွေးကောက်ပွဲ အောင်မြင် မယ်လို့ သူက အဆိုပြုလိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီမြို့ပြတွေမှာတော့ သူရွေး ကောက်ပွဲကျင်းပနိုင်ကောင်း ကျင်းပနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါလည်း ကျင်းပဖို့အတွက် ပါတီတွေရဲ့ လွတ်လပ်စွာ စည်းရုံးခွင့်တွေ၊ မဲရုံ တွေရဲ့ လုံခြုံရေးတွေ ဒါတွေအတွက်လည်း သူတို့အနေနဲ့ တာဝန်ယူနိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒါကြောင့်မို့ ဒီမြို့ ၂၀၀ နီးပါးမှာတော့ လုံခြုံရေးအပြည့်အဝယူပြီးတော့ မဖြစ်မနေ ရွေးကောက်ပွဲတော့ ကျင်းပမှာပါ။ ဘာကြောင့်ဆို ရွေးကောက်ပွဲက သူ့ရဲ့နိုင်ငံရေးထွက် ပေါက်ဖြစ်နေတာကိုး”လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ တိုင်းရင်းသားတော်လှန် ရေးတပ်ဖွဲ့ (EAOs) တို့ကလည်း ရွေးကောက်ပွဲမှာ လုံခြုံရေးအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တာဝန်မယူနိုင်အောင်လုပ်မယ့် အနေထားတွေရှိနေတဲ့အတွက် နောက် ၆ လမှာလည်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မသေချာဘူးလို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ရမှာဖြစ်ပြီး မဲပေးခြင်း မပေးခြင်းက ပြည်သူတစ်ဦးရဲ့ဆန္ဒဖြစ်တဲ့အတွက် မဲပေးနိုင်ဖို့ အစိုးရရဲ့တာဝန်ဖြစ်တယ်လို့ အခိုင်အမာပြောဆိုနေတာပါ။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေရ စစ်တပ်အာဏာသိမ်းမှုအလွန် ၂ နှစ်တာကာလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၁၉၀ ကျော်ထက်နည်းမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် မီးရှို့ခံရမှုကြောင့် နေအိမ်နဲ့အဆောက်အအုံ ၅၄၀၀၀ ကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ရပြီး ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို နှိုင်းယှဉ်ကြည့်ရင် ၂၀၂၂ ခုနှစ်အတွင်း ၈၀ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာအတွင်း စစ်အုပ်စုရဲ့ ဖမ်းဆီးမှုကြောင့် ပြည်သူ ၁၃၇၀၀ ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ပြည်သူ ၂၉၀၀ ကျော်ကတော့ သေဆုံးခဲ့ရတယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.