ရေး – ဖေဖော်ဝါရီ (၂)
စစ်ကောင်စီက လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက်ဆိုပြီး မြန်မာတောင်ပိုင်းဒေသအတွင်းရှိ မွန်ပြည်နယ် ရေးမြို့နယ်အပါအဝင် မြို့နယ် ၅ ခုကို ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းမှာ စစ်အုပ်ချုပ်ရေး (Martial Law) အဖြစ် ကြေညာလိုက်ပါတယ်။
မြန်မာပြည်တောင်းပိုင်းဒေသအတွင်းရှိ မွန်ပြည်နယ်က ရေးမြို့နယ်အပါအဝင် ကရင်ပြည်နယ်ရှိ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ တနင်္သာရီနဲ့ ပုလောမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့တာပါ။
အဲဒီမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၂၅ အရ အပ်နှင်းလိုက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေရဲ့ တိုင်းမှူးတွေဟာ အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်မူတည်ပြီး မိမိကိုယ်တိုင်ဖြစ်စေ စစ်နယ်မြေမှူးတွေကို တာဝန်လွှဲအပ်တာဖြစ်စေ အာဏာကို ကျင့်သုံးနိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို စစ်ကောင်စီတပ်ရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ထိန်းချုပ်ထားတာဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးကိုတော့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးယူခဲ့ပြီး ဒုတိယရက်မှာ တိုင်းဒေသကြီး လေးခုနဲ့ ပြည်နယ် ၃ ခုအတွင်း မြို့နယ်ပေါင်း ၃၇ ကို စစ်အုပ်ချုပ်ရေးအာဏာအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်