မော်လမြိုင် – ဖေဖော်ဝါရီ(၃)

နွေဦးတော်လှန်ရေးမှာ ရှိနေတဲ့ အားနည်းချက်တွေကို ပြုပြင်လိုက်ရင် မြန်မာ့သမိုင်းမှာ စနစ်ကျတဲ့ အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှု အဖြစ် သမိုင်းဝင်ကျန်ရစ်မှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၃) မှာ အခုကလို ပြောခဲ့တာပါ။

“ကာကွယ်ရေး အုပ်ချုပ်ရေးမှာ ဦးဆောင်မှုပြုနေတဲ့ အစိုးရအဖွဲ့ဝင်များအနေနဲ့ လူထုအခြေပြု စည်းရုံးရေးလုပ်ငန်းများကို ယခုထက်ပိုမိုဆောင်ရွက်ကြရန်လိုကြောင်း၊ လက်ရှိရှိနေတဲ့ အားနည်း ချက်များအား ပြုပြင်လိုက်ရင် မြန်မာ့သမိုင်းမှာ စနစ်ကျတဲ့ အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု အဖြစ် သမိုင်းဝင်ကျန်ရစ်မှာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအစိုးရဖြစ်ပေမယ့် အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုလည်း ဟန်ချက်ညီညီဆောင်ရွက်နိုင်တဲ့အတွက် တော်လှန်ရေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျှော့ချနိုင်ခဲ့သလို စစ်အာဏာရှင်တိုက်ဖျက်ရေးသာမက တိုင်းရင်းသားပြည်သူတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီတိုင်းပြည်ကို ထူထောင်ဖို့ ဆောင်ရွက်နေတဲ့ ခရီးလမ်းတစ်လျှောက်မှာ စည်းစနစ်တကျ သွားလိုတဲ့ ပန်းတိုင်ကို အမြန်ဆုံးရရှိအောင် နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါသေးတယ်။

အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဗဟိုဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်း အတွင်းဝန်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ အစည်းအဝေး (၄/၂၀၂၃) မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြီးစီးမှု အခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.