ဘုရားသုံးဆူ၊ ဖေဖော်ဝါရီ(၃)

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့ထဲကို ဖေဖော်ဝါရီ (၂)ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့တပ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေနဲ့ မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်မြေစိုးမိုးမှုအခြေအနေအရ စစ်ကောင်စီတပ်ဟာ ဘုရားသုံးဆူမြို့ထဲကို မြေပြင်လမ်းကြောင်းကနေတစ်ဆင့် တပ်အင်အားတွေ လာရောက်ဖြည့်ဆည်းဖို့ အခက်အခဲရှိနေတာကြောင့် လေယာဉ်နဲ့ တပ်အင်အားတွေ ဖြည့်တင်းလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီနေ့မှာပဲ လေယာဉ် ၂ စီးနဲ့ တပ်ဖွဲ့ဝင်အင်အား ၈၀ လောက်ကို ဘုရားသုံးဆူမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေထံ လာရောက်ပို့ဆောင်သွားတာပါ။

စစ်ကောင်စီတပ်ဘက်က တပ်အင်အားတွေ ဖြည့်တင်းနေတာကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာနိုင်တယ်လို့ မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့ တာဝန်ခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၃)ရက်နေ့ ညပိုင်းက ဘုရားသုံးဆူမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကို ဘုရား သုံးဆူ မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်ရှင်းလင်းမီးရှို့ခဲ့ပြီးနောက် စစ်ကောင်စီ လက်အောက်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ ပြည်သူနဲ့အမြန်ဆုံးလက်တွဲကာ CDM ပြုလုပ်ကြဖို့ မြို့ပြပျောက်ကျား တပ်ပေါင်းစုအဖွဲ့က တိုက်တွန်းထားပါတယ်။

ဘုရားသုံးဆူမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေအားလုံးနီးပါး မီးလောင်ပျက်စီးသွားတဲ့အတွက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ပိုမိုပြင်းထန်လာနိုင်တဲ့ စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပါတယ်။

ဘုရားသုံးဆူ မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့ရဲ့ ပြောဆိုချက်အရ လက်ရှိဘုရားသုံးဆူမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဟာ အခုချိန်ထိတည်ဆောက်လို့မရသေးဘူးလို့ သိရပါတယ်။

ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီဌာနဆိုင်ရာရုံးတွေ မီးရှို့ခံရပြီးတဲ့နောက် စစ်ကောင်စီ လက်အောက်ခံ ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ည(၆)နာရီကနေ မနက်(၅)နာရီအထိ ညမထွက်ရအမိန့်ကို မတ်လ(၂၅)ရက်နေ့အထိ သက်တမ်းထပ်တိုးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.