ဘီးလင်း၊ ဖေဖော်ဝါရီ(၃)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၁၀ နာရီအချိန်လောက်မှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးရုံးကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အုပ်ချုပ်ရေးမှူးရုံး အရှေ့တစ်ခြမ်းပြိုကျပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးရုံးကို မိုင်းထောင်ဖောက်ခွဲခံရတာဟာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် မဲစာရင်းကောက်ယူတာအပြင် စစ်ကောင်စီယန္တားရား လည်ပတ်အောင် ဆောင်ရွက်ပေးနေတဲ့အတွက် သတိပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုလို သတိပေးမှုကို လိုက်နာမရှိဘဲ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ပါက ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ နီးပါး ရောက်ရှိလာပြီး စစ်ဆေးတာတွေ လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဘီလင်းမြို့မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ဘီးလင်းမြို့မရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ရဲ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.