ပတ်ရှာဝါ၊ ဖေဖော်ဝါရီ(၃)

ပါကစ္စတန်နိုင်ငံ ပတ်ရှာဝါမြို့၊ ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ ဗလီတစ်ခုမှာလူပေါင်း ၁၀၀ ကျော် သေဆုံးစေခဲ့တဲ့ အသေခံ ဗုံးခွဲသမားဟာ ရဲယူနီဖောင်းကို ဝတ်ဆင်ထားခဲ့ပြီး မော်တော်ဆိုင်ကယ်နဲ့ လုံခြုံရေး တင်းကြပ်ထားတဲ့ ဧရိယာအတွင်းကို ဝင်ရောက်ခဲ့တယ်လို့ ပြည်နယ်ရဲချုပ်က ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ တိုက်ခိုက်မှုနောက်ကွယ်မှ ဗုံးခွဲသူဟာ စစ်သွေးကြွကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့တယ်လို့ ပြည်နယ်ရဲမှူးကပြောကြားခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

“ဒါဟာ လုံခြုံရေးပျက်ကွက်မှုလို့ ကျွန်တော်ဝန်ခံပါတယ်။ ကျွန်တော့်လူတွေက ဒါကို မတားနိုင်ခဲ့ပါဘူး။ ဒါက ကျွန်တော့်ရဲ့ အပြစ်ပါ” လို့ ရဲမှူးအန်ဆာရီက ပြောပါတယ်။

ဆယ်စုနှစ်များစွာအတွင်း အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတဲ့ အနောက်မြောက် ပိုင်းရှိ ပတ်ရှာဝါမြို့ဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အသေအပျောက်အများဆုံးဖြစ်ခဲ့ပါတယ်။

ခရိုင်အတွင်းမှာရှိတဲ့ လုံခြုံရေးမြင့်မားတဲ့အဲဒီနေရာဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ရည် ရွယ်ပြီး တည်ဆောက်ထားတဲ့ ဗလီတစ်ခုလည်း ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ဝတ်ပြုသူတွေဟာ မွန်းတည့်ဝတ်ပြုဖို့ စုရုံးနေစဉ်မှာ အဲဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

CCTV မှတ်တမ်းတွေအရ ဗုံးခွဲသူဟာ ဦးထုပ်နဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့ပြီး ရဲလိုင်းရဲ့အဓိက စစ်ဆေးရေး ဂိတ်ကိုဖြတ်ကာ သူ့ရဲ့ဆိုင်ကယ်နဲ့ ဝင်ရောက်သွားတာကိုပြသခဲ့တယ်လို့ အန်ဆာရီက ပြောပါတယ်။

“ပင်မဝင်ပေါက်မှာရှိတဲ့ ရဲအစောင့်တွေက သူ့ကို တပ်ဖွဲ့ဝင်တစ်ဦးလို့ ထင်ခဲ့ကြတယ်။ သူ့ကို မစစ်ဆေးခဲ့ကြဘူး” လို့ အန်ဆာရီက ဆိုပါတယ်။

အစောပိုင်းတစ်ရက်က ရဲချုပ်ဟာ အဲဒီတိုက်ခိုက်ရေးသမားမှာ “အတွင်းရေးအကူအညီ” ရှိနိုင်တယ်လို့ ပြော ကြားခဲ့ပေမယ့် စုံစမ်းစစ်ဆေးသူတွေက သေချာတဲ့စီရင်ချက်မထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သံသယရှိသူ အများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဒေသတွင်းတွင် အတက်ကြွဆုံး စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့ (TTP)က မကြာသေးမီက အစ္စလာမာဘတ်ရှိ အစိုးရကို ဆန့်ကျင်တဲ့စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အနောက်မြောက်ပိုင်း ပြည်နယ် မှာ ရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှု တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

TTP ဟာ ဗလီတိုက်ခိုက်မှုအတွက် တာဝန်မရှိကြောင်း ငြင်းဆိုထားပြီး ဒီတိုက်ခိုက်မှုကို ကန့်ကွက်တဲ့အနေနဲ့ ရာနဲ့ချီတဲ့ ရဲတွေက ပြည်နယ်တဝှမ်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဂျာမတ်အာ အဟာရာ လို့ခေါ်တဲ့ TTP ရဲ့ ခွဲထွက်အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်မှုအတွင်း ပါဝင်ပတ်သက်နေတယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေက စွပ်စွဲခဲ့ပါတယ်။ အဲဒီအဖွဲ့ဟာ နိုင်ငံတွင်း ခရစ်ယာန်လူနည်းစုအပေါ် အဆိုးရွား ဆုံး တိုက်ခိုက်မှုအဖြစ် ၂၀၁၃ခုနှစ် စက်တင်ဘာလမှာ All Saints Church မှာအသေခံဗုံးခွဲမှု အပါအဝင် အခုနှစ် များအတွင်း ကြီးမားတဲ့ တိုက်ခိုက်မှု အများအပြားအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.