မော်လမြိုင် ၊ ဖေဖော်ဝါရီ (၃)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ နိုင်ငံတော် အရေးအပေါ်ကာလကို စစ်ကောင်စီ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်အဝေးကနေ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးပေးလိုက်တာဟာ ဥပဒေကိုလိုရာဆွဲပြီး အာဏာလုယူမှု ဖြစ်တယ်လို့ ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ အဆင့်သင့်မဖြစ်သေးကြောင်းနဲ့ နိုင်ငံဟာသာမန်အခြေအနေမဟုတ်ကြောင်း တင်ပြလာတဲ့အတွက် သက်တမ်းထပ်တိုးပေးခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တင်ပြချက်ကို ကာလုံအစည်းအဝေး တက်ရောက် သူအားလုံး သဘောတူညီခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ နောက်ထပ် ၆ လ စစ်ကောင်စီကို သက်တမ်းထပ်တိုးပေးခဲ့တာပါ။

စစ်ကောင်စီကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဏာဆက်ပေးဖို့ စစ်ကောင်စီရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း သဘောတူခဲ့တယ်လို့ ဆိုထားပါတယ်။

ဝါရင့်တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်ကတော့ အရေးပေါ်ကာလသက်တမ်းထပ်တိုးတာဟာ ဥပဒေနဲ့မညီသလို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သဘောတူညီကြောင်းပြောဆိုမှုဟာ လိမ်လည်မှုသာဖြစ်တယ်လို့ ဝေဖန်တာပါ။

“ဘယ်ဥပဒေနဲ့ ညီမလဲ။ အစကတည်းက စတက်လာကတည်းက ဥပဒေနဲ့ မညီတာ။ အခုလည်း ဆက် တိုက် မညီဘူးနော်။ မင်းအောင်လှိုင်ခန့်ထားတဲ့ ဖွဲ့စည်ပုံခုံရုံးကနေပြီးတော့ သက်တမ်းတိုးနိုင်တယ်လို့ ပြောလိုက်တာဟာ တကယ်ကို ဘယ်လိုပြောမလဲ။ သူခိုးဓားရိုးကမ်းပဲ။ ဘာမှ မထူးခြားဘူး။ ဘယ်လိုလဲဆိုတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကခန့်ထားတဲ့သမ္မတက ခန့်ထားတဲ့ လွှတ်တော်ကခန့်ထားတဲ့ ဖွဲ့စည်းပုံခုံရုံးမဟုတ်ဘူး။ မင်းအောင်လှိုင်က သူလိုသလိုသုံးဖို့ သူ့သဘောနဲ့သူ ခန့်ထားတဲ့ခုံရုံးက တိုးလို့ရပါတယ်ဆိုပြီး တိုးပေးလိုက်တာ ဘယ်လိုလုပ်ညီမှာလဲနော်။ ပြီးတော့လည်း အဲဒါကလည်း လိမ်ထားတာ၊ လိမ်စဉ်ကြီးက ဘယ်လိုလုပ်ဥပဒေနဲ့ညီမှာလဲ။ တကယ်ကျတော့ (၄၂၅)က ဆိုထားတာက အဲဒီလို တိုးပေးနိုင်တယ်လို့ ရေးထားတာမဟုတ်ဘူး။ လုံးဝ ရေးမထားဘူး။ အဲဒါကို သူတို့လိုချင်သလိုလုပ်ပြီး ယူထားတာနော်။ ဟိုကရေးတာက သာမန်အားဖြင့် (၆)လတွင်း (၁)ကြိမ်ဖြင့် (၂)ကြိမ်တိုးမြှင့်နိုင်သည် ဒါပဲ။ အဲဒါကို သာမန်ဆိုတဲ့စကားကို သူတို့ဘာသာ သူတို့ နှစ်ပေါက်တစ်ပေါက် ရိုက်ပြီးတော့ သူခန့်ထားတဲ့ ဖွဲ့စည်းပုံနဲ့ သူတို့နဲ့ရိုက်ပြီးတော့ သက်တမ်းတိုးချလိုက်တာ။ ဒါကြောင့်မို့လို့ တစ်သက်လုံးစကတည်းက ဥပဒေနဲ့မညီဘူး။ အခုသက်တမ်းတိုးတော့လည်း ဥပဒေနဲ့မညီဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ကိုယ်တိုင် အကြိမ်ကြိမ် ချိုးဖောက်ပြီး သူ့တို့ အာဏာတည်မြဲရေးအတွက်ကိုသာ လုပ်ဆောင်နေတာဖြစ်တာကြောင့် ဘယ်တော့မှ ဥပဒေနဲ့အညီ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကာလုံအစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက အရေးပေါ်ကာလကို သက်တမ်းထပ်တိုးပေးဖို့ သဘောတူကြောင်း အကြောင်းကြားစာ ထုတ်မပြနိုင်တဲ့အတွက် အကြံအဖန်လုပ်ပြီး အာဏာဆက်ယူတာလို့ ဦးကြီးမြင့်က ပြောပါတယ်။

“ပထမကာလုံမှာ မင်းအောင်လှိုင်က အစီရင်ခံနေတဲ့အချိန်မှာ ဥပဒေကိုယ်စားလှယ်တစ်ယောက်ပေါ့။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံခုံရုံးကို (၄၂၅) ကိစ္စကတော့ တင်ပြသင့်တယ်လို့ ပြောလိုက်တဲ့အချိန်မှာ ဦးမြင့်ဆွေကသော်လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသော်လည်းကောင်း ဒါဖွဲ့စည်းပုံ ခုံရုံးကနေပြီးတော့ ဥပဒေနဲ့ ညီပါတယ်လို့ ကျွန်တော်တို့ဆီကို သမ္မတဦးမြင့်ဆွေကမေးလို့ ပြန်ကြားထားတဲ့စာ ကျွန်တော်တို့လက်ထဲမှာ အခုရှိပါတယ်လို့ မပြောနိုင်ဘူး။ ရှိလည်း မရှိဘူးလေ။ နောက်ဆုံးပြန် ရက် စွဲနဲ့ (၃၁)ရက်နေ့မှာ အစည်းအဝေးထိုင်တယ်။ (၃၁)ရက်နေ့မှာ ဦးတီခွန်မြတ်က အကြံပေးတယ်။ အဲဒီနေ့မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ဘယ်တုန်းက ရက်စွဲနဲ့ ဦးမြင့်ဆွေကမေးထားလို့ ဖွဲ့စည်းပုံခုံရုံးက စာပြန်ထားမှန်းလည်း မသိဘူး။ ရက်စွဲကတော့ အဲဒီ အစည်းအဝေးထိုင်တဲ့ ရက်စွဲနဲ့ ဖွဲ့စည်းပုံအခြေခံခုံရုံးကနေပြီးတော့ ဘယ်လိုသဘော တူကြောင်း ဥပဒေနဲ့ ဘာဖြစ်တယ် ဆိုတာ ရေးထားတဲ့ စာလည်း ကိုယ်တို့လည်း မဖတ်ရဘူး၊ မဖတ်ရဘဲနဲ့ တိုင်းပြည်ကလည်း မသိဘူး။ ဦးမြင့်ဆွေကမေးလို့ ဦးမြင့်ဆွေဆီကို ပြန်ကြားထားတဲ့ စာလည်း (၃၁)ရက်နေ့ (၁)လ ရက်စွဲနဲ့ စာရှိပါတယ်လို့ ပြောတာ။ အဲဒီစာကလည်း တကယ်ဆိုလို့ရှိရင် အဲဒီအစည်းအဝေးထိုင်တဲ့နေ့မှာဘဲ တကယ်ဆိုရင် အဲဒီညမှာဘဲကြေညာရမှာပေါ့။ သူက အဲဒါလည်းမလုပ်နိုင်ဘူး။ အကြံအဖန်လုပ်ဖို့အတွက် တစ်ရက်စောင့်ပြီးတော့မှ ဖေဖော် ဝါရီလ (၁)ရက်နေ့ကျတော့မှ လုပ်ဇာတ်ကြီးခင်းပြီးတော့ ဖွဲ့စည်းပုံအခြေခံခုံရုံးကလည်း သဘောတူပါတယ်ဆိုတဲ့ကိစ္စကြီးကို လာတယ်။ အဲဒီတော့ လိမ်စဉ်ကြီးပေါ့”လို့ ဆိုပါတယ်။

ဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပဖို့အတွက် CRPH၊ NUG နဲ့ PDF တို့ကို အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတဝန်းက မြို့နယ် ၁၃၂ မြို့နယ်မှာ လုံခြုံရေးအရ ထိရောက်စွာ ဆောင်ရွက်ရမယ့် အခြေအနေရှိတယ်လို့ တင်ပြခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ စစ်ခေါင်းဆောင်ဟာ သူတို့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ မပြီးသေးရင် အမျိုသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ထပ်မံတင်ပြလာပါက နောက်ထပ် ၁ ကြိမ် ၆ လ သက်တမ်းထပ်တိုးခွင့်ရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်အုပ်စုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်ဆွဲပြီး နောက် ထပ် အာဏာဆက်ယူသွားမယ့် အခြေအနေမှာရှိတယ်လို့ သုံးသပ်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.