ကော့သောင်း၊ ဖေဖော်ဝါရီ(၃)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာနဲ့အောင်ချမ်းသာကျေးရွာကြားမှာ မနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၆ နာရီအချိန်လောက်က မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့က မာရမ်းကျေးရွာ ပျူစောထီးဒုခေါင်းဆောင်ဦးဆန်းတင် နေအိမ်မှာသေနတ်နဲ့ ပစ်သတ်ခံရမှုကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်မှုှမှာ တပ်အင်အား ၆၀ နီးပါး လိုက်ပါလာတဲ့ ကားနှစ်စီးအနက်တစ်စီးမှာ အလယ်တည့်တည့် ထိမှန်ပျက်စီးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံမုန်တိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မာရမ်းတိုက်နယ်ဆေးရုံနဲ့ ခမောက်ကြီးက စစ်တပ်ဆေးရုံတွေမှာခွဲပြီး ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပျူစောထီး ဒုခေါင်းဆောင်ဦးဆန်းတင်ကို ပစ်ခတ်ရှင်းလင်းမှုမှာ သေနတ် ၂ လက်၊ ကျည်ဘောက်အရှည် ၁ ခု၊ ကျည်ဆံ ၂၈ တောင့်၊ ဓားမြောင် ၃ လက်ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။

ကော့သောင်း PDF ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့တုန်းကလည်း ရှမ်းကိုးကျေးရွာ ရွာချင်းဆက်လမ်းပေါ်မှာ စစ်ကောင်စီခန့် အောင်ချမ်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်(ခ)နောင်မဲကို ပစ်ခတ်ရှင်းလင်းထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.