မင်္ဂလာပါရှင့်။

သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “အကြမ်းဖက် KNU/PDF များမှ ကော့ကရိတ်၊ ကျုံဒိုး၊ ကမ်းနီးကို မီးရှို့နေ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ အကောင့်ကနေ ဇန်နဝါရီ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာ အပြည့်အစုံမှာတော့ “တပ်မတော်၏ တရစပ်ထိုးစစ်ဆင်မှုအား မခံနိုင်၍ အကြမ်းဖက် KNU/PDF များမှ ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာအား မီးရှို့ခဲ့ပြီး မီးငြှိမ်းသတ်ရန်ကြိုးစားတဲ့ ရွာသားတွေကိုအကြမ်းဖက် KNU/PDF တွေက သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် ရွာသားများ ထွက်ပြေးနေရတယ်”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူ အကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ၁၅ မိုင်အကွာရှိ ကျုံဒိုးမြို့ ထဲကို ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းအမှတ် ၅၄၅ နှင့် ၅၄၆ တို့က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာဖြစ်ပြီး ဒေသခံအရပ်သားပြည်သူတွေရဲ့နေအိမ်တွေပါ မီးလောင်ထိခိုက်ပျက်စီးခဲ့တာ ဖြစ်တယ်လို့ Myanmar Now သတင်းဌာနရဲ့ သတင်းဖော်ပြချက်အရ စိစစ်တွေ့ရှိရပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့တို့ ရှိနိုင်မယ့် ယူဆပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့လည်း Myanmar Now သတင်းဌာနရဲ့ ဖော်ပြချက်များအရ စိစစ်တွေ့ရှိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက် နေ့မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိကမ်းနီ၊ မိဂလုံ၊ ကော့ဘိန်း အစရှိသည့်ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်ရာ ဒေသခံပြည်သူများ၏ နေအိမ်ပေါ်များသို့ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးလျက်ရှိပြီး ဒေသခံပြည်သူများတိမ်းရှောင်နေရကာ အကြမ်းဖက်စစ်ကောင်စီ နှင့် KTL Army ၏ ဗျူဟာမှူးဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်းကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Lion Battalion Commandoဗျူဟာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်လင့်

https://bit.ly/3HmcmND

Myanmar nowသတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်

https://bit.ly/3kTJRzh

သံလွင်တိုင်းမ်သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်များ

https://fb.watch/indZq962kx/https://bit.ly/3RhXJiQ

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “အကြမ်းဖက် KNU/PDF များမှ ကော့ကရိတ်၊ကျုံဒိုးနဲ့ ကမ်းနီကျေးရွာအား မီးရှို့နေ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ်ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.