လွိုင်ကော် – ဖေဖော်ဝါရီ(၃)

စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်တာကာလအတွင်း ကယားပြည်နယ်မှာ အရပ်သား(၂၉၂)ဦး သတ်ဖြတ်ခံထားရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၃၅) ဦးနဲ့ ဖမ်းဆီးခံထားရသူ (၃၃၄)ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN က သတင်းထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်ခံရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ တွေ ကြုံနေရပြီး ဒီလုပ်ရပ်တွေအတွက် စစ်ကောင်စီကတာဝန်ခံရမှာဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆိုထားပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတာတွေဟာ သူတို့ဘက်က အထိ အခိုက် အကျအဆုံးတွေများနေလို့ လုပ်ဆောင်နေတာဖြစ်သလို ဒီလုပ်ရပ်တွေက စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အကြောင်းအရာတွေဖြစ်တယ်လို့ ကယားလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီလိုလူ့အခွင့်အရေးတွေချိုးဖောက်ခံနေရတာကြောင့် လူဦးရေ(၃) သိန်းလောက်နေထိုင်တဲ့ ကယားပြည်နယ်မှာ ဒေသခံ (၂) သိန်းကျော်ဟာ စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်တစ်နေရာမှာ စစ်ကောင်စီရဲ့ လည်လှီးသတ်ဖြတ် ခံထားရတဲ့ ဒေသခံအမျိုးသားတစ်ဦးရဲ့ အလောင်းကို ဒေသကာကွယ်ရေးတပ်တွေက ရှာဖွေတွေ့ရှိထားသလို ဇန်နဝါရီလ(၂၂) ရက်နေ့ကစပြီး စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့တဲ့ နေရာတွေမှာလည်း အရပ်သားနှစ်ဦးသတ်ဖြတ်ခံထားရကာ လက်ရှိအချိန်ထိ ဘယ်သူတွေဖြစ်တယဆိုတာ အတည်မပြုနိုင်သေးပါဘူး။

ကယားပြည်နယ်က အရပ်သားတွေနေထိုင်တဲ့နေရာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီ လောပိတအခြေစိုက် အမြောက်တပ်၊ လွိုင်ကော်အမြောက်တပ်နဲ့ ငွေတောင် အခြေစိုက် အမြောက်တပ်တွေက နေ့စဉ်လိုလို ပစ်ခတ်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသုံးထောင်နီးပါးသတ်ဖြတ်ခံထား ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.