“ပုံမှန်အခြေခံကတော့ မနက်ခင်းဆိုရင် PT ပြေးတယ်။ ဒိုက်ကို PTတစ်ပတ်ပြေးပြီးတိုင်း အခေါက် ၂၀ထိုးရ တယ်။မနက်ခင်း ညီမတို့ ပုံမှန်ရောက်ခါစက ၆ပတ်လောက်ပဲပြေးရတယ်။ ကွင်းကအင်တာနေရှင်နယ် ဘော လုံးကွင်းတစ်ကွင်းစာလောက်ရှိတယ်။ အဲဒီလောက်ထိကျယ်တယ်” လို့ဆိုလာသူက အသက် (၁၈)နှစ်အရွယ်သာရှိသေးတဲ့ တော်လှန်ရေး ရဲမေတဦးဖြစ်တဲ့ အစုလေးဖြစ် ပါတယ်။

စစ်သင်တန်းတက်ရတယ်ဆိုတာ ယူနီဖောင်းလေးတွေနဲ့ လှလှပပသေနတ်လေးကိုင်ပြီး ဖေ့ဘုတ်ပေါ်မှာ တက်လာတဲ့ပုံတွေ လောက်တော့ လွယ်ကူမနေခဲ့ဘူးဆိုတာ အခြေခံစစ်သင်တန်းတက်ရောက်ခဲ့တဲ့ အစုလေး (အမည်လွှဲ)က အတော်လေး နားလည်ထားပါတယ်။  

သူမတက်ရောက်ခဲ့တဲ့ စစ်သင်တန်းမှာ “မြေတွေက မညီမညာဖြစ်တဲ့အခါ တစ်ကိုယ်လုံး ရွှံ့တွေရယ်၊ကျွဲချေး၊ နွားချေးတွေ လူးထားတဲ့ အိုင်ထဲမှာ ညီမတို့ဝင်ရတယ်။ နောက်ပြီး တကိုယ်လုံး ခေါင်းကအစ အကုန်သုတ်၊ နောက်ထပ်ကျွဲလူးထားတဲ့ အိုင်ထဲထပ်ဝင်စိမ်၊ ပြီးတာနဲ့ မျှော့ကန်ထဲကို ထပ်သွား၊ မျှော့ကန်ထဲမှာ ၁နာရီလောက်စိမ်တယ်။ နောက်ပြီးလို့ရှိရင် အဲမျှော့ တန်းလန်းနဲ့ပဲ ထပ်ပြေးရတယ်ပေါ့နော်။ နောက်ဘယ်လောက်တောင်ဆိုးလဲဆို ဝါးတစ်ရိုက်စာလောက်ရှိတဲ့ ရေအနက်ထဲမှာ ရေမကူးတတ်တဲ့ သူလဲတွန်း ချတယ်။ ညီမနောက်ဆုံးတော့ရေကူးတတ်သွားတာပဲ”လို့ဆိုတဲ့ အတွေ့အကြုံတွေ များစွာ ကြုံခဲ့ရပါတယ်။

ဒီလိုခက်ခဲကြမ်းတမ်းတဲ့ သင်တန်းတွေကို အမျိုးသားတွေနဲ့တန်းတူ ရင်ဘောင်တန်းပြီး တက်ခဲ့ပေမဲ့ ရှေ့တန်း တစ်ခါမှ မထွက်ခဲ့ရတဲ့အတွက် စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးတဲ့ ဆရာမ တစ်ဦးအနေနဲ့၊ ထောက်ပို့အနေနဲ့ပဲ တာဝန်ယူဆောင်ရွက်နေခဲ့ရတယ်လို့ ဆိုပါတယ်။

သူမအမှန်တကယ်တာဝန်ထမ်းဆောင်နေချင်တဲ့နေရာက ရှေ့တန်းစစ်မျက်နှာပြင်ဆီပဲဖြစ်ပါတယ်။

“ညီမခေါင်းထဲမှာ ဘာတွေးလဲဆိုတော့ တောထဲလာတယ်၊ စစ်ပညာကိုသင်မယ်၊ သင်ပြီးတော့ အချိန်တစ် ခုစောင့်မယ်၊ စောင့်ပြီးတာနဲ့ ညီမရှေ့တန်းထွက်မယ်ပေါ့။ ညီမစိတ်ထဲမှာ ရှေ့တန်းထွက်ဖို့ အရမ်းအာသီသ ဖြစ်ခဲ့တယ်။ ဒါပေမယ့်ဖြစ်မ လာခဲ့ဘူး”

စစ်စိမ်းရောင်အနွေးထည်ကို ဝတ်ထားပြီး လက်နှစ်ဖက်ကို တင်းတင်ဆုပ်ကိုင်ထားတဲ့ မအစုလေးတယောက် သူ့အကြောင်း တွေကိုပြောပြဖို့ စိတ်အားထက်သန်နေတာပါ။

အာဏာသိမ်းလိုက်တဲ့အချိန်ကတည်းကစပြီး စစ်အာဏာရှင်ရဲ့ မတရားမှုကို လက်မခံနိုင်တဲ့အတွက် ဖေဖော် ဝါရီလ(၆)ရက် နေ့ကတည်းက လမ်းပေါ်ထွက်လို့ တရက် မပြတ် ဆန္ဒထုတ်ဖော်ခဲ့ပြီးမှ လက်နက်ကိုင်တော်လှန်ဖို့ တောထဲကိုရောက်လာခဲ့တာလို့ သူရဲ့ ဇာတ်ကြောင်းကို ဦးစွာရှင်းပြပါတယ်။

အသက်ကငယ်ငယ်၊ မိန်းမသားလည်းဖြစ်လို့ လက်နက်ကိုင်တော်လှန်ဖို့ကို မိဘဆွေမျိုးတွေက လုံး၀ လက်ခံခဲ့ပါဘူး။ တားဆီးမှုတွေရှိနေတဲ့ကြားထဲကနေ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အားလုံးကို ယတိပြတ်ဖြတ်ပြီး အဝတ်နှစ်စုံနဲ့ တောထဲကို ထွက်လာခဲ့ပါတော့တယ်။ သူမဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂) မှာ သင်တန်းတက်ရောက်ခဲ့ပါတယ်။

မအစုလေးနည်းတူ လူငယ်များစွာဟာ မတရားမှန်းသိတဲ့အတွက် ခေါင်းငုံမခံချင်တဲ့စိတ်တစ်ခုတည်းနဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်တွေ စွဲကိုင်ပြီး တိုက်ပွဲဝင်ကြပါတယ်။ တော်လှန်ရေး ခရီးကြမ်းထဲမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေကလည်း ကျရာအခန်း ကဏ္ဍကနေ ပါဝင်တော်လှန်နေကြပါတယ်။

စစ်ကောင်စီကို တော်လှန်လိုစိတ်တစ်ခုတည်းနဲ့ လက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရင် ဘောင်တန်းပြီး စစ်သင်တန်းတွေတက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားတွေနဲ့ တန်းတူတာဝန်ထမ်းခွင့် မရသေး

အစုလေး (အမည်လွှဲ)ဟာ စစ်တိုက်ချင်လွန်းလို့ ရှေ့တန်းထွက်ရမဲ့မေဂျာကို ရအောင်ယူခဲ့ပေမယ့်လည်း ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်း တွေသာ ပြီးဆုံးသွားပေမယ့် အစုလေး (အမည်လွှဲ)ရဲ့ ရှေ့တန်းထွက်ချင်တဲ့ ဆန္ဒက မပြည့်ဝသေးပါဘူး။

“အဲဒီတုန်းကလည်း ရှေ့တန်းသွားဖို့၊ ကင်းစောင့်ဖို့ တစ်ချိန်လုံးပဲ ဆရာတွေကိုပြောတယ်။ ဆရာတွေပြောလို့ မရရင်တပ်ရင်းက လူတွေကိုပြောတယ်။ ရှိသမျှ အကုန်လုံး၊ အကုန်လုံးကို လိုက်ပြီးတော့ ပြောနေတာ ဆရာတွေလည်းနားငြီးတယ်ပေါ့နော်။ မိန်းကလေးတွေက ဒီလိုမျိုးထွက်ချင်တိုင်းထွက်လို့မရဘူး။ နောက်ဆုံးဘယ်လောက်တောင်းဆိုလည်းဆိုရင် ဆရာတွေ ဆူပြီး တော့မှ ငြိမ်ခိုင်းလိုက်ရတဲ့ အဆင့်ထိပါပဲ” လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အစုလေး(အမည်လွှဲ)သာမက သူ့ရဲ့ သူငယ်ချင်းအမျိုးသမီးတွေကိုလည်း မသင့်တော်သေးဘူးဆိုတဲ့ အကြောင်း ပြချက်နဲ့ ရှေ့တန်းထွက်ခွင့် တိုက်ပွဲဝင်ခွင့်၊ ယုတ်စွအဆုံး ကင်းစောင့်ဖို့တောင် ခွင့်ပြုချက်မရခဲ့ပါဘူး။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ချင်တဲ့စိတ်နဲ့ အစုလေး(အမည်လွှဲ)တို့လို အမျိုးသမီးတွေဟာ တော်လှန်ရေးထဲမှာ ဘဝကို ရင်းနှီးမြှုပ်နှံပြီး အသက်ပေးတိုက်ပွဲဝင်နေခဲ့ကြသလို ဆက်လက်လည်း တိုက်ပွဲဝင်နေကြဆဲပါပဲ။

တချို့တွေက လက်နက်ကိုင်တယ်၊ တချို့တွေက သင်တန်းတက်ပြီး ယူဂျီတွေအနေနဲ့ လှုပ်ရှားနေကြသလို အချို့ကတော့ အမျိုးသမီးထောက်ပို့တွေအဖြစ် လှုပ်ရှားနေကြပါတယ်။

ခွဲခြားဆက်ဆံခံနေရတယ်လို့ ခံစားနေရတဲ့ အခြေအနေများ

ကျရာတာဝန်ကို ထမ်းဆောင်နေကြပေမဲ့လည်း အစုလေး(အမည်လွှဲ)နည်းတူ ဆေးအကူသူနာပြုတပ်သားတဦးဖြစ်တဲ့ မဝိုင်းလေး (အမည်လွှဲ)ကလည်း အမျိုးသမီးအဖြစ် ပါဝင်နေရခြင်းက ခွဲခြားဆက်ဆံခက်နေရတယ်လို့ တွေ့ကြုံခံစားနေရသလို ဖိုဝါဒကြီးစိုး နေဆဲဖြစ်တယ်လို့ စိတ်ထဲမှာ အတွေးရှိနေခဲ့ပါတယ်။

“အရမ်းကြီးခွဲခြားဆက်ဆံခံရတာမျိုးမဟုတ်ပေမဲ့ ကျွန်မတို့မှာ ခံစားနေရတာလေးတွေရှိပါတယ်။ စားတာ၊ သောက်တာ၊ နေရထိုင် ရတာ ဆင်းရဲကြမ်းတမ်းပေမယ့် ဂရုကိုမစိုက်ဘူး။ ခေါင်းထဲလည်းမထည့်ဘူး။ မိန်းကလေးဆိုပြီးအထင်သေးတာမျိုး ရှိတယ်။ စိတ်နဲ့ လုပ်နေတာမို့ စိတ်ပျက်၊ စိတ်ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး။ တော်လှန်ရေးအတွင်းက လူတွေကြောင့်လဲ စိတ်ပျက်သလို ရေပေါ်ဆီတွေကိုလည်း စိတ်ကုန်တယ်” လို့ မဝိုင်းလေး(အမည်လွှဲ)က ယင်းရဲ့ အမြင်ကို ပြောပါတယ်။

အစုလေး (အမည်လွှဲ)နည်းတူ မဝိုင်းလေး(အမည်လွှဲ)ကလည်း မူလရည်ရွယ်ချက်ဖြစ်တဲ့ လက်နက်ကိုင်တိုက်ခိုက်ချင်ပေမယ့် သူရလာတဲ့တာဝန်ကတော့ ဆေးတပ်သား၊ ဆေးအကူသူနာပြုဖြစ်နေခဲ့တာပါ။

 အမျိုးသမီးများနည်းတူပင် လိင်စိတ်ခံယူမှုကွဲပြားနေသူများ (LGBT) များကလည်း စစ်ဆင်ရေးလေ့ကျင့်ခန်းတွေမှာ အတူပါ ဝင်နေခဲ့ကြပေမဲ့ ခွဲခြားမှုတွေရှိနေတယ်လို့ ဆိုကြပါတယ်။

“တောထဲမှာ(LGBT) အင်အားအတိအကျဘယ်လောက်ရှိလဲဆိုတာ အတိအကျ မသိနိုင်ဘူး။ ဖြစ်တည်မှုကို ထုတ်ပြတဲ့သူနဲ့ မထုတ်ပြတဲ့သူရှိတဲ့အတွက် ဒါကတော့ အရေအတွက် တိတိကျကျ မသိရဘူး။ ဒါပေမယ့် လက်နက်ကိုင်တော်လှန်ရေးထဲမှာ LGBT ရှိနေတယ်ဆိုတာတော့ အားလုံးလည်း လက်ခံပြီးသားပဲ။ မောင်နှမသဖွယ်လက်ခံလေးစားပြီး ချစ်ချစ်ခင်ခင် လူတွေလည်း ရှိပေမယ့် တချို့တပ်ရင်းတွေမှာ နိုင်လိုမင်းထက်ပြုတာတွေ လည်းရှိတယ်။ ခေါင်းဆောင်ပိုင်းက မခွဲခြားဘူး။ အချင်းချင်းကြားမှာ ရှိနေတာမျိုး”လို့ (Yangon LGBT Community Group ဥက္ကဌNသျှားစစ်ဇော်) က ပြောပါတယ်။

တော်လှန်ရေးမှာ အမျိုးသားတွေနဲ့တန်းတူ အမျိုးသမီးတွေ၊ LGBT တွေက လက်နက်ကိုင်ပြီး အင်တိုက်အား တိုက်ပါဝင် လုပ် ဆောင်နေသလိုပဲ တစ်ဖက်မှာလည်း အသက်ပေါင်းများစွာပေးဆပ်ခဲ့ကြသူတွေ၊  ဖမ်းဆီးခံရသူများစွာလည်းရှိနေခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူပေါင်းဟာ ၂၀၂၂ ဇန်နဝါရီလ(၆) ရက်နေ့အထိ(၂၇၀၂) ဦးထိရှိနေပြီး ဖမ်းဆီးခံရသူဦးရေကတော့ (၁၆၉၉၂) ဦးခန့်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးတာကာလအတွင်း မတရားဖမ်းဆီးခံထားရ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၆၀၀ ကျော်ပါဝင်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထပ်ဆင့်အထူးပြုဖော်ထုတ် ဖော်ပြခဲ့ပါတယ်။

တော်လှန်ရေးထဲမှာ အသက်ပေး၊ ဘဝပေးခဲ့သူများ

  လက်နက်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်အမျိုးသမီးတွေ လည်းရှိနေပါတယ်။ ကော်ဘရာစစ်ကြောင်းက ထောက်ပို့ရဲမေ နော်အယ်မူးနဲ့ အခြားရဲဘော်အမျိုးသမီးတစ် ဦးဟာ၂၀၂၂ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့မှာ အသက်ပေးဆပ် ခဲ့ကြရပါတယ်။

ပင်ကိုယ်ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအရ အားနည်းနေပေမယ့် စိတ်ဓာတ်ရေးရာမှာ အားနည်းသူတွေ မဟုတ်ပါဘူးဆိုတာကို တော်လှန်ရေးမှာ ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေက သက်သေပြချင် တယ်လို့ဆိုပါတယ်။

တော်လှန်ရေးထဲမှာ ကျရာနေရာကနေ ပါဝင်လုပ်ကိုင်နေတဲ့လူတွေကို တစ်ဖက်အဖွဲ့အစည်းကဖြစ်စေ၊ ဆွေ မျိုးသားချင်း တွေကဖြစ်စေ၊ ယုတ်စွအဆုံး တိုက်ပွဲဝင်နေတဲ့လူတွေကတောင် မိန်းကလေးဖြစ်လို့ဆိုတဲ့ မသိ မသာပြောဆိုမှုတွေနဲ့ ခွဲခြား ဆက်ဆံခံရမှုတွေ ရှိနေတုန်းပဲလို့ ထောက်ပို့လုပ်ဆောင်နေသူ မနတ်ပန်းချီက ပြောကြားခဲ့ပါတယ်။

“မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ဆိုတဲ့ စကားကိုမကြိုက်ဘူး။ နိုင်ငံသားတစ်ယောက်ဖြစ်နေလို့ လုပ်ခဲ့တာ။ ကိုယ့်နိုင်ငံအ ရေးကို ကိုယ်အားမစိုက်ဘူးဆိုရင် ဘာလုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာမှာတောင့်တင်းသန်မာနေပေ မယ့်စိတ်ဓာတ်ပျော့ညံ့တဲ့ သူတွေအများကြီးရှိတယ်။ ဒါကိုသိစေချင်တယ်” လို့ ထောက်ပို့လုပ်ငန်းကို ကျား ကုတ်၊ကျားခဲလုပ်ဆောင်နေသူ နတ်ပန်း ချီကပြောပါတယ်။

ပရဟိတလုပ်ငန်းတွေကို ထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့ပြီးမှ နိုင်ငံ့အရေးကြောင့် တောထဲတောင်ထဲထိ သွားလာပြီး ထောက်ပို့တစ်ဦး ဖြစ်လာတဲ့ သူမကတော့ လူ့အခွင့်ရေးဆိုတာ ဘာမှန်းတောင်မှမသိတော့တဲ့ မြန်မာနိုင်ငံသား တွေအတွက် နိုင်ရာဝန်ကို ဆက်လက်ထမ်းနေဦးမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် အာဏာရှင်ကိုတော်လှန်ခဲ့ကြသူတွေထဲမှာ အိမ်ထဲကနေ ဒန်အိုးဒန်ခွက်တွေတီး၊ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြရာကနေ အမျိုးသမီးထုဟာ စစ်အာဏာရှင်အလုံးစုံဆန့်ကျင်ရေးမှာ ကျရာကဏ္ဍ ကနေပါဝင်နေတာပါ။

တစ်ဖက်မှာလည်း စိန်ခေါ်မှုတွေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားထဲကပဲ အမျိုးသမီးသပိတ်အင်အားစုတွေ၊ အမျိုးသမီးပြောက် ကျားတပ်ဖွဲ့တွေ၊ အမျိုးသမီးရဲဘော်တွေနဲ့ ထောက်ပို့ တွေအဖြစ်စတဲ့ ကဏ္ဍတွေမှာ စိတ် တစ်ခုတည်းရင်းပြီး ဆက်လက်တော်လှန် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

“ကျွန်မတို့ကို သင်တန်းဆရာတွေကပြောတယ်။ နင်တို့ဟာတွေ နင်တို့တော်လှန်နိုင်မှ စကစကို တော်လှန်ဖို့ ဆက်လုပ်” လို့ ပြောခဲ့တဲ့စကားတစ်ခွန်ကို အမြဲအမှတ်ရမိနေတယ်လို့ ရဲမေဘဝကနေ ထောက်ပို့အဖြစ် ကူးပြောင်းလာခဲ့တဲ့ မေမိုး(အမည်လွှဲ) ကပြောပါတယ်။

သူ့အနေနဲ့ကတော့ စိတ်တစ်ခုတည်းသာအဓိကဖြစ်လို့ မိမိစိတ်ကိုမိမိတော်လှန်နိုင်မှသာ ကျန်တာတွေဆက် လုပ်လို့ရမယ်လို့ ယုံကြည်ကြောင်း သူကပြောပါတယ်။

သင်တန်းတက်တာ တိုက်ပွဲဝင်ချင်လို့ပါ

တော်လှန်ရေးနဲ့ ပတ်သက်ပြီး အမျိုးသမီး၊ အမျိုးသားမခွဲခြားပဲ တန်းတူသင်တန်းတွေရသော်လည်း  ရှေ့တန်းစစ်မျက်နှာပြင်မှာ အမျိုးသမီးတွေကို တိုက်ပွဲတိုက်ခွင့် (၉၅) ရာခိုင်နှုန်းလောက်အထိ မပေးနိုင်သေးဘူးလို့ တပ်မဟာ (၆) မှ တိုက်ခိုက်ရေးသင်တန်း နည်းပြ ဗိုလ်လင်းယုန်က ပြောပါတယ်။

“သင်တန်းပေးတာကတော့ မိန်းကလေးတွေ၊ ယောကျာ်းလေးရယ်လို့ မခွဲဘူး။ အကုန်လုံးသင်တန်းတူတူပေးတယ်။ တန်းတူပဲ ပေးတယ်။ တော်လှန်ရေးနဲ့ ပတ်သက်လို့ကတော့ ရှေ့တန်းစစ်မျက်နှာပြင်မှာဆိုရင်တော့ အမျိုးသမီးကို သုံးနှုန်းက (၉၅) ရာခိုင် နှုန်းလောက်အထိအဆင်မပြေဘူး။ အမျိုးသမီးအများစုက ရှေ့တန်း ထွက်ပြီး တိုက်ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ သူတို့ကိုရှေ့တန်း လွှတ်လို့ကမရဘူး။ အဓိကတော့ အဲဒါပဲ”

အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို တန်းတူရည်တူပဲ သင်တန်းတွေပေးခဲ့ပြီး အမျိုးသမီးတွေအနေနဲ့လည်း အားသာချက်တွေ အများကြီးရှိနေတယ်လို့ သူက ဆက်လက်ပြောပါတယ်။

“မိန်းကလေးတွေရဲ့ အားသာချက်က ရှင်းရှင်းပြောရရင် ကျွန်တော်တို့ပြောသမျှကို အသေးစိတ်လိုက် မှတ်နိုင်တယ်။ အမှား နည်းတယ်။ ဒါပေမယ့် ကိုယ်ပိုင်ဉာဏ်ကွန့်မြူးပြီးလုပ်ရမယ်ဆိုရင်တော့ အားနည်းနည်းလျော့တယ်။ တိုက်ခိုက်ရေးနဲ့ ပတ်သက်ရင် လည်း မိန်းကလေးအများစုကအစပိုင်းတုန်းကတော့ မရဲဘူး။ Use to ဖြစ်ပြီးရဲလာပြီဆိုရင်တော့ အမှားနည်းတယ်။ Step by Step ကို လိုက်နာတာကတော့ ယောကျာ်းတွေထက်စာရင် သူတို့ကပိုသာပါတယ်။ ဒါလည်း ငြင်းလို့မရတဲ့ အမှန်တရားပဲ” လို့ ဆိုပါတယ်။

ဒီလိုတွေ မိန်းကလေးတွေကို ရှေ့တန်းမှာ မခေါ်တာမျိုးဟာ ခွဲခြားဆက်ဆံလိုစိတ်ကြောင့် မဟုတ်ပဲ အန္တရာယ်ကင်းပြီးရဲဘော် ရဲဘက်စိတ်ထားအပြည့်ထားလို့ဖြစ်တယ်လို့ ဗိုလ်လင်းယုန်က ဆိုပါတယ်။

“မိန်းကလေး စစ်သည်အများစုကတော့ သူတို့ကို ဆေးတပ်သားအဖြစ်သော်လည်းကောင်း၊ ရုံးပိုင်းဆိုင်ရာ အဖြစ်ထားတာကို သော်လည်းကောင်း သူတို့မနေချင်ကြဘူး။ ရှင်းရှင်းပြောရင်ယောကျာ်းလေးတွေနဲ့ ရင်ဘောင်တန်းပြီးတိုက်ချင်တယ်။ ဒါသူတို့ ဖက်က အမြင်ပေါ့နော်။ ကျွန်တော်တို့ ဖက်ကကျတော့ တကယ့်မြေပြင်မှာ အဲဒီလိုမျိုး လွှတ်လို့ကမရဘူး။ အရှင်ဖမ်းမိသွားရင် လည်း တကယ်မလွယ်ဘူး”လို့ ဆိုပါတယ်။

အစုလေး (အမည်လွှဲ)ကတော့ သင်တန်းဆရာတွေနဲ့ အမြင်ကွဲပြားစွာရှိနေပြီး တိုက်ပွဲဝင်ဖို့သာ စိတ်အားထက်သန်နေခဲ့ပါတယ်။   

မြန်မာ့လူမှုအသိုင်းအဝန်းတွေမှာ တွင်တွင်ကျယ်ကျယ်ကို သုံးနေကြတဲ့ ဆိုရိုးစကားတစ်ခုဖြစ်တဲ့ ကြက်မတွန်လို့ မိုးမလင်းဘူး၊ ကြက်ဖတွန်မှ မိုးလင်းတယ်ဆိုတဲ့စကားကို သူ့အနေနဲ့ ပျက်ရယ်ပြုပြီး ပြောင်းပြန်လှန်လိုနေကြတဲ့ စိတ်က တော်လှန်ရေးထဲက အမျိုးသမီးတွေရဲ့ စိတ်ထဲမှာ အမြဲနေရာယူနေခဲ့ပါတယ်။

အစုလေး (အမည်လွှဲ)ကတော့ ပြောနေရင်းနဲ့ ဝဲလာတဲ့မျက်ရည်တွေကို ပုတ်ထုတ်လိုက်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ် လို့ ပြောပြပေမဲ့ လက်တွေ့ဘဝမှာ တော်လှန်ရေးတပ်ဖွဲ့တွေထဲက အမျိုးသမီးတွေဟာ အခက်ခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နေရဆဲ ဖြစ်ပါတယ်။

လစဉ် ဓမ္မတာလာစဉ်မှာတောင် သင်တန်းမပျက်ပဲ ဆင်းနေရတာ၊ လစဉ်သုံးပစ္စည်းတွေ ချွေတာနေရတာ၊ နောက်တန်းမှာပဲ မနေလိုတာစတဲ့ အခက်အခဲမျိုးစုံက အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေလုံလောက်စွာမရတဲ့ အဖြစ်တွေအထိ ကြုံတွေ့နေရတာပါ။

ဒီအခြေအနေတွေကိုတော့ အမျိုးသမီးအရေးကူညီပေးနေသူလည်းဖြစ် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ (မမီးမီး – အမည်လွှဲ) က အခုလိုပဲပြောကြားခဲ့ပါတယ်။

“အမျိုးသမီးတွေအနေနဲ့ကတော့ ခွဲခြားဆက်ဆံခံရမှုက အခုချိန်အထိ ရှိနေတာပဲလေ။ နင်တို့မလုပ်နိုင်ပါဘူး။ ဒီလမ်းကတော့ မင်းတို့နဲ့ မသင့်တော်ပါဘူးဆိုပြီး ဆက်ဆံတာတော့ ရှိတယ်။ အဲဒီအပေါ်မှာလည်း အမျိုးသမီး ခေါင်းဆောင်တစ်ယောက် အနေနဲ့ကတော့ ကာကွယ်ပြီးတော့ လူတိုင်းမှာ မွေးလာကတည်းက တန်းတူအခွင့် ရေးဆိုတာရှိတယ်ဆိုပြီး မှန်တဲ့နေရာတွေက ကူညီပံ့ပိုးပေးမှုတွေ အများကြီးလုပ်ခဲ့တယ်” လို့ ဆိုပါတယ်။

အမျိုးသမီး PDF လေးတွေအနေနဲ့လည်း မိဘရင်အုပ်အောက်မှာ နွေးနွေးထွေးထွေးနေခဲ့ကြတဲ့ ဆယ်ကျော်သက်တွေဖြစ်ပေမယ့် ငါတို့တွေ ဒီလိုမတရားမှုတွေကိုမခံဘူး သေရင်သေပါစေဆိုတဲ့စိတ်နဲ့ လာကြတာဖြစ်ပြီး စထွက်လာကတည်းက ဒီခရီးဟာကြမ်း တမ်းမယ်ဆိုတာ သိပြီးသားပဲလို့ မမီးမီးက သူစိတ်ဓာတ်ခွန် အားပေးခဲ့တဲ့အမျိုးသမီးရဲဘော်လေးတွေရဲ့ စိတ်ဓာတ်ခံယူမှု အခြေအနေကို ပြောပြပါတယ်။

တော်လှန်ရေးတစ်ခုမှာ ယောကျာ်းလေးတွေချည်းပဲမှ အဆင်ပြေမယ်ဆိုတာမရှိသလို လက်ရှိအချိန်မှာလည်း အမျိုးသမီးလေးတွေ အနေနဲ့ မိမိရဲ့အားသာချက်ကို အသုံးချပြီး ကျရာနေရာကျရာတာဝန်တွေကနေ တာဝန်တွေကိုဆက်လက်ထမ်းဆောင်ဆဲ ဖြစ်တယ် လို့ ၈၈မျိုးဆက်တော်လှန်ရေးရဲဘော်ဟောင်း ဦးအောင်လင်းက ပြောပါတယ်။

“တို့ မျိုးဆက်တုန်းကဆိုလည်း မိန်းကလေးရဲဘော်တွေ အများကြီး။ သူတို့ရဲ့ အားသာချက်တွေလည်းရှိတယ်။ ဥပမာ-ကျွန်တော့် ကိုယ်တွေ့ကြုံရတဲ့အဖြစ်ဆို အမျိုးသမီးရဲဘော်ကင်းစောင့်တဲ့ အလှည့်မှာ ရန်သူလာတယ်။ နည်းနည်းစိတ်လှုပ်ရှားတယ် မိန်းကလေးတွေက။ အဲဒီနေရာမှာပဲ ရှော့ခ်ရသလိုဖြစ်ပေမယ့် တကယ်လည်း တိုက်ရောအကြောက်တရားလုံးဝမရှိတာဗျာ။ ဒါတကယ်ပါ။ မိန်းကလေးတွေက တကယ်ကို သတ္တိရှိပါတယ်။ ဒါပေမယ့်ရှေ့တန်းဆိုတာ ယောကျာ်းသားတွေအတွက် ဘာမှ မဟုတ်ပေမယ့် အမျိုးသမီးတွေမှာကျတော့ ကရိကထလေးတွေရှိတယ်။ ဒါကိုငဲ့ညှာတဲ့ သဘောနဲ့ စဉ်းစားကြတာဗျ။ ခွဲခြား နေတာမဟုတ်ဘူး။ ဒါကြောင့် သူတို့နဲ့ ကိုက်ညီတဲ့အလုပ်တွေကို တာဝန်ပေးတာဖြစ်တယ်ဗျ” လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း အမျိုးသမီးရဲဘော်တွေရဲ့ တာဝန်ပိုင်းဆိုင်ရာချထားမှုအပိုင်းနဲ့ ပတ်သက်ပြီး အသင့်တော် ဆုံးဖြစ်အောင် စီစဉ်ထားတယ်လို့ ဗိုလ်လင်းယုန်က ပြောပါတယ်။

“အသုံးချမှုနဲ့ အရေးပါမှုအပိုင်းမှာဆိုရင်တော့ တော်လှန်ရေးတစ်ခုမှာ ယောကျာ်းလေးတွေချည်းပဲမှအဆင်ပြေ တာမှမရှိတာ လေ။ မိန်းကလေးတွေ အသုံးချလို့ရတဲ့အပိုင်းတွေ အများကြီးပဲနော်။ မျိုးစုံပဲကျရာနေရာ သူတို့နဲ့ ကိုက်ညီမယ့် တာဝန်တွေကို ပြန်ခွဲဝေပေးရတာပေါ့။ ထိထိရောက်ရောက်လိုအပ်တဲ့ နေရာတွေကချမယ်ဆိုရင် ဆက်သွယ်ရေး၊ ဆေးတပ်သားတို့၊ ထောက်ပို့တို့ ဒါတွေက အဓိကအသုံးဝင်တယ်။ သတင်းနဲ့ ပြန်ကြားရေး အဲဒီအပိုင်းတွေကို အဓိကလိုအပ်တာ” လို့ ပြောပါတယ်။

ကျား/မ တန်းတူစွာ တိုက်ပွဲတွေ ဝင်ခွင့်ဖြစ်နိုင်မလား

တော်လှန်ရေးကြီး အစပိုင်းမှာတော့ အမျိုးသမီးတွေရဲ့ပါဝင်အားက တန်းတူအနေနဲ့ပါဝင်ခဲ့ပေမယ့်လည်း အမျိုးသမီးတွေဟာ အားနည်းတယ်၊ ချည့်နဲ့တယ်ဆိုတဲ့ အတွေးအခေါ်တချို့ကြောင့် အချို့သောအမျိုးသမီးရဲဘော်လေးတွေက စိတ်ဓာတ်ကျပြီး တော်လှန်ရေးမှာ ပါဝင်နိုင်မှုအားနည်းလာတာကိုလည်း စိတ်မကောင်းစွာသိခဲ့ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် မမီးမီး (အမည်လွှဲ)က ပြောပါတယ်။

တော်လှန်ရေးမှာပါဝင်လာတဲ့ လူတိုင်းရဲ့ခံယူချက်က အာဏာရှင်အမြစ်ပြတ်အောင်တော်လှန်ဖို့ တစ်ထောင့်တစ်နေရာကနေ ကျရာတာဝန်ထမ်းဖို့ လာကြတာဖြစ်တဲ့အတွက် ဒီလိုခွဲခြားဆက်ဆံမှုမျိုးတွေကိုလည်း အမြစ်ပြတ် အောင်တိုက်ထုတ်နိုင်ဖို့ လိုနေတယ်လို့(Yangon LGBT Community Group ဥက္ကဌ Nသျှားစစ်ဇော်) က ပြောပါတယ်။

“တော်လှန်ရေးမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေနဲ့ (LGBT) တွေကလက်နက်ကိုင်တိုက်ပွဲဝင်သလို အတွေးအခေါ် တော်လှန်ရေးမှာလည်း သူတို့တွေပါပါတယ်။ အတွေးအခေါ်တော်လှန်ရေးကို အမြစ်ပြတ်အောင် မလုပ်နိုင်ဘူး ဆိုရင်နွေဦး တော် လှန်ရေး အလွန်ကာလတွေမှာ မေးခွန်းထုတ်စရာတွေဖြစ်လာမယ်။ အာဏာရှင် ကြောင့် လူ့အခွင့်အရေးတွေဆုံးရှုံးနေတာလေ။ အာဏာရှင်ကို တော်လှန်နေရင်းနဲ့ အာဏာရှင်ဆန်လာတာကို ဖျောက်ကြရမယ်။ (LGBT)တွေကလည်း ခြောက်ပေမယ့် မကြောက် ဘူးဆိုတဲ့အနေနဲ့ ရတဲ့နေရာကနေ တော် လှန်နေတာကို ခင်ဗျားတို့အနေနဲ့ နှိမ်ကြတာလား၊ နိုင်လိုမင်းထက်ပြုရတာတွေကို သဘော ကျလို့လား ..ဒါဆိုရင်တော့ မျှော်မှန်းနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးဆိုတာ အဝေးကြီးပဲလို့ ပြောချင်ပါတယ်” လို့ သူ့ခံစား ချက်ကို ရင်ဖွင့်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေးမှာတော့ လက်နက်ကိုင်တော်လှန်ရေးသာမက အတွေးအခေါ်တော်လှန်ရေးကိုပါ လူငယ် တွေကတိုက်ပွဲဝင် နေကြတာပါ။ အာဏာသိမ်းစစ်တပ်ကို တော်လှန်နေသလို ခေတ်စနစ်ထုံးထမ်းနဲ့ မကိုက်ညီ တော့တဲ့ အတွေးအခေါ်တွေ၊ တရား မျှတမှုမရှိတော့တဲ့ ကျား၊မခွဲခြားဆက်ဆံမှုတွေကိုလည်း တစ်ပါတည်း တော်လှန်နေကြတာဖြစ်လို့အတွေးအခေါ် တော်လှန်ရေး လည်း ပါဝင်နေတာကို သတိချပ်သင့်တယ်လို့ ဆိုပါ တယ်။

အစုလေးကတော့ လက်ရှိအခြေအနေတွေအပေါ်မှာရော သူ့ရင်တွင်းခံစားချက်တွေကို ဖွင့်ပြောလိုက်ရတဲ့ အပေါ်မှာရော စိတ်လက်ပေါ့သွားတဲ့ ပုံစံနဲ့ လက်နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ရင်းနဲ့ အခုလိုပြောလိုက်ပါတယ်။

“အခုဆိုရင် ၂၀၂၁ကစပြီးအခုချိန်အထိ တော်လှန်ရေးကြီးတောင်ဖြစ်လာခဲ့ပြီပဲ။ ညီမတို့မှာ ဂျန်ဒါခွဲခြားမှုဆိုတာ မဖြစ်သင့် တော့ဘူး။ မှန်တာပြောရရင် ပင်ကိုယ်ခန္ဓာကိုယ်တည်ဆောက်ပုံအရသာအားနည်းပေမယ့် အမျိုးသမီး တွေ မလုပ်နိုင်တဲ့အရာဆိုတာ မရှိပါဘူး အဓိကတော့ကိုယ့်ရဲ့စိတ်ပဲ”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.