ဝါရှင်တန် – ဇန်နဝါရီ (၂၆)

မြန်မာပြည်သူတွေကို ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို ကုလသမဂ္ဂ R2P အခြေခံမူသဘောတရားစွဲကိုင်ပြီး အရေးယူရတော့မယ့် အချိန်ရောက်ပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇတ်မှု၊လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကာကွယ်နိုင်မယ့် လူမှုရေးနဲ့ စီးပွားရေးလုပ်ဆောင်ချက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကုလသမဂ္ဂစီးပွားရေးနဲ့ လူမှုရေးကောင်စီက ကျင်းပခဲ့တဲ့ အထူးအစည်းအဝေးမှာ ပြောခဲ့ တာပါ။

“ယခုအချိန် ကာလက ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာ နိုင်ငံအရေး ကိစ္စနဲ့ မြန်မာစစ်တပ်အား ၎င်းတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန်နဲ့ ၎င်းတို့ အကျိုးခံစားနေတဲ့ ပြစ်ဒဏ် ခတ်ခြင်းမခံရတဲ့ယန္တရားကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂမှ အသံတစ်သံတည်း ထွက်ဆိုကာ စုပေါင်းအင်အားနဲ့ အရေးယူဆောင်ရွက်ရမယ့် အလိုအပ်ဆုံး အချိန်ပင်ဖြစ်တယ်” လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တိုင်းရင်းသားလူနည်းစုတွေနဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေ အပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ထားသလို ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို ကျူး လွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ စစ်တပ်ရဲ့ လုပ်ရပ်များစွာထဲက တစ်ခုဖြစ်တယ်လို့ ပြောပါ သေးတယ်။

စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းပြီးနောက်(၂) နှစ်ကြာမြင့်ချိန်မှာ ပြည်တွင်းတရားဥပဒေစိုးမိုးရေး လုံးဝ ဖျက်ဆီးခဲ့တဲ့အတွက် ပြည်သူတွေနဲ့ ဒေသတွင်းအခြေအနေတွေအပေါ် ကြီးလေးတဲ့ နောက် ဆက်တွဲ အကျိးဆက်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတစ်ရပ်လုံးကို လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကနေ မြန်မာပြည်သူတွေကို အကာအကွယ် ပေးဖို့ သံအမတ်ကြီးက ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူတွေဟာ လူသားဆန်မှုအပေါ် မထီမဲ့မြင်ပြုလုပ်တာဖြစ်တဲ့ အတွက် ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် R2P မူကို အသုံးပြုပြီး ကူညီပေးဖို့ No Fly Zone သတ်မှတ်ပေးရေး နဲ့ပတ်သက်ပြီး ကနဦးတောင်းဆိုချက်တွေဟာ အပြုသဘောဆောင်တဲ့ ရလဒ် ဖြစ်ထွန်းခဲ့တာ မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.