ကျုံဒိုး၊ ဇန်နဝါရီ(၂၇)

ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များစွာနဲ့ ပြန်လည်ဆုတ်ခွာသွားပြီလို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကျုံဒိုးမြို့အနီးရှိ ကော့ကျိုက်၊ မိဂလုံ၊ ကမ်းနီကျေးရွာတွေထဲမှာ ဇန်နဝါရီ(၂၀)ရက်နေ့ကစပြီး နယ်မြေကျူး ကျော်ဝင်ရောက်တပ်စွဲလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ KNU KNDO အမှတ်(၆)တပ်ရင်း၊ ဂဠုန်စစ်ကြောင်းစတဲ့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့အကြား တိုက်ပွဲပြင်းထန်းစွာ ဖြစ်ပွားခဲ့တာပါ။

ဇန်နဝါရီ(၂၀)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု(၉၀)ကျော်ရှိခဲ့ပြီး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူ (၅၀)ကျော်အထိရှိတာကြောင့် အကျအဆုံး အထိအခိုက်များစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

(၆)ရက်တာတိုက်ပွဲတွေအတွင်း ကမ်းနီကျေးရွာထဲကို စစ်ကောင်စီရဲ့ အမှတ်(၅၄၅) ၊ (၅၄၆) အမြောက် တပ်ကနေ လက်နက်ကြီးအကြိမ်ပေါင်း(၂၀၀)ကျော်ပစ်ခတ်ခဲ့သလို လေကြောင်းစစ်ကူအနေနဲ့ တိုက် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေအသုံးပြုပြီး (၁၀)ကြိမ်နဲ့အထက် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်(၅)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းစစ်ကြောင်းဘက်မှ တပ်ခွဲမှူးတစ်ဦးနဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့ရတယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ကျုံဒိုးမြို့အနီးရှိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကမ်းနီ၊ ကော့ကာ၊ ကော့ကျိုက်၊ မိဂလုံ၊ သရက်တော၊ တံတားဦးစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထု (၁၀၀၀၀)ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ပူးပေါင်းစစ်ကြောင်းထံမှ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Lion Battalion Commando

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.