ဝါရှင်တန်၊ ဇန်နဝါရီ (၂၆)

အမေရိကန်နိုင်ငံ အထက်လွှတ်တော်ရဲ့ တရုတ်ဆိုင်ရာ ရီပါဘလစ်ကန်လွှတ်တော်အမတ် ဂျော့ရှ် ဟော် လေဟာ ဗီဒီယိုရိုက်ကူးထုတ်လုပ်နိုင်တဲ့ တစ်တော့ အက်ပလီကေးရှင်းကို နိုင်ငံတွင်းမှာ အသုံးပြုမှု ပိတ်ပင် တားဆီးရေး ဥပဒေတစ်ရပ်ကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရဝန်ထမ်းတွေအနေနဲ့ ByteDance တရုတ်ကုမ္ပဏီပိုင် တစ်တော့ကို အစိုးရကိရိယာတွေမှာ အသုံးပြုတာ ဒါမှမဟုတ် ထည့်သွင်းသုံးစွဲတာကို ပိတ်ပင်ခံရမှာလည်း ဖြစ်ပါတယ်။

“တစ်တော့ဟာ အမေရိကန်တွေရဲ့ဘဝထဲကို ဝင်ရောက်လာတဲ့ တရုတ်ရဲ့ နောက်ဘေးတံခါးဖြစ်ပါတယ်။ အဲ့ဒီ ဆော့ဖ်ဝဲလ်ဟာ ကျွန်တော်တို့ရဲ့ကလေးငယ်တွေနဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ခြိမ်းခြောက်နေ ပါတယ်။ အခုအခါမှာ ကျွန်တော်က တစ်တော့ကို နိုင်ငံနဲ့ အဝှမ်းတားမြစ်နိုင်ရေး ဥပဒေ ပြဌာန်းချက်တစ်ရပ်ကို မိတ်ဆက်သွားမှာပါ” လို့ အထက်လွှတ်တော်အမတ်ဟော်လေက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီဥပဒေမူကြမ်းကို ဘယ်အချိန်မှာတင်သွင်းမှာလဲဆိုတာကိုတော့ ထည့်သွင်းပြောကြားတာ မရှိပါဘူး။ တစ်တော့ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ လွှတ်တော်အမတ်ဟော်လေဟာ ချဉ်းကပ်မှုအမှားကို စွဲကိုင်ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တစ်တော့ရဲ့ ပြည်သူ့ဆက်ဆံရေး ပြောရေးဆိုခွင့်ရှိသူ ဘရူကီ အိုဘာဝါတာ က “အထက်လွှတ်တော် ကိုယ်စားလှယ် ဟော်လေရဲ့ တစ်တော့အသုံးပြုမှုကို အလုံးစုံတားဆီးရေးဆိုတဲ့အထဲမှာ နိုင်ငံတော် လုံခြုံရေးကို စနစ်တကျ ဦးတည်မှုမရှိတဲ့ ချဉ်းကပ်မှုတစ်ခုပါ။ ပြီးတော့ အချက်အလက်လုံခြုံရေး၊ ကိုယ်ရေး
ကိုယ်တာ လျှို့ ဝှက်ချက်နဲ့ အွန်လိုင်းအန္တရာယ်တွေစတဲ့ တစ်တော့လုပ်ငန်းရဲ့ ကြီးမားကျယ်ပြန့်တဲ့ ပြဿနာတွေအတွက် စနစ် မကျတဲ့ ချဉ်းကပ်မှုကိုသာ တွေ့ရပါတယ်။ သူစိုးရိမ်နေတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ဒါမှမဟုတ် အမေရိကန် ပြည်သူတွေ ပိုမိုဘေးကင်းအောင်လုပ်ဖို့ ဝန်ဆောင်မှုတစ်ခုတည်းကို ပိတ်ပင်ဖု့ိ ဟန်ဆောင်လုပ်နေတာထက် အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေပဲ သူ့ရဲ့ ခွန်အားတွေ အာရုံစိုက်သုံးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.