စစ်တွေ၊ ဇန်နဝါရီ (၂၆)

ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ ရဲဝန်ထမ်းတွေရဲ့ဇနီးတွေကို စစ်ကောင်စီကနေအခြေခံစစ်သင်တန်းတွေ သင်ကြားပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ရဲဝန်ထမ်းတွေရဲ့ ဇနီးမယားတွေကို ၂၀၂၀ပြည့်နှစ်မှာ တစ်ကြိမ်စစ်သင်တန်းပေးဖူးသလို အခု အာဏာသိမ်းပြီးချိန် ၂၀၂၃ခုနှစ်မှာ ထပ်မံသင်တန်းပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုရဲဝန်ထမ်းတွေရဲ့ ဇနီးမယားတွေကို စစ်သင်တန်းတွေ ပေးနေပေမယ့် အရည်အသွေးပြည့်မီတဲ့ စစ်သင်တန်းမျိုးဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။

“ စစ်အစိုးရအနေနဲ့ ဒါက လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ သူတို့အရင်လောက် ခွန်အားမရှိတော့ဘူးပေါ့လေ။ ဒီတော့ အမျိုးသမီးတွေကို နောက်တန်းမှာ နေရာချတာဝန်ပေးဖို့ စစ်သင်တန်းပေးတာပေါ့လေ။ အဓိကတော့ ကျွန်တော် တို့ ကြားသိရသလောက်ကတော့ စစ်သည်တွေ၊ ရဲတွေရဲ့ အမျိုးသမီးတွေကိုပဲ သင် တန်းပေးတာရှိတယ်။ အပြင်ကဝင်တဲ့လူမှ မရှိတော့ပဲလေ။ ဒီလို စစ်သင်တန်းပေးတာက စရိတ်သိပ်မကုန်ဘဲ အပေါ်ကခိုင်းတာကို အကောင်အထည်ဖော်တာမျိုးပါ။ စစ်သင်တန်းတစ်ခုရဲ့ qualityနဲ့ ပြည့်စုံတာမျိုးလည်း မဟုတ်ပါဘူး။ အဖြစ်သဘော သင်တာမျိုးပဲဖြစ်မယ်လို့ ကျွန်တော်တို့ကတော့ ဒီလိုပဲတွေးပါတယ်”လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီသင်တန်းတွေကို ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ လေ့ကျင့်ပေးခဲ့ပြီး ရဲတပ်ရင်းတွေမှာ အခြေခံအချက်တွေသင်ကြားပေးသလို ဘူးသီးတောင်မှာရှိတဲ့ တပ်ရင်းစက်ပစ်ကွင်းတွေမှာ သေနတ်ပစ်လေ့ကျင့်ရပြီး စစ်ရေးပြသင်တန်းနဲ့ လက်နက်ငယ်ပစ်သင်တန်းတွေကို မွန်းမံသင်တန်းတွေအဖြစ် ထည့်သွင်းသင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ ဒီသင်တန်းတွေဟာ အောက်ခြေရဲဝန်ထမ်းတွေရဲ့ ဇနီးသည်တွေကို ရဲဆေးတင်ပေးတဲ့အဖြစ်သဘောသင်တန်းတွေသာဖြစ်ပြီး အားရစရာမရှိဘူးလို့ဆိုပါတယ်။

“တကယ့်အရာရှိ၊ အရာခံတွေက သူတို့မိသားစုတွေကိုပြောင်းရွှေ့ပြီးနေပြီ။ ဖြစ်နိုင်ခြေရှိတာတော့ အောက်ဘက်က အနည်းငယ်ကျန်တဲ့လူတွေပဲ။ ကုန်ကျစရိတ်ဘာညာ တွက်ကြည့်လိုက်ရင် များနေသေးတယ်။ စကစဘက်က သေချာသင်ဖို့ကမလွယ်ဘူး။ လူတစ်ယောက်ကို ကျည်တစ်တောင့်နဲ့ သေ နတ်ပစ်တတ်အောင်သင်ဖို့က မလွယ်ဘူးလေ။ လက်ပူတိုက်သင်ပြီး လက်ပူတိုက်သလောက်ပဲရမှာလေ” လို့ မင်းပြားဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်ကစပြီး နှစ်ဖက် နာလည်မှုနဲ့ အပစ်ရပ် လိုက်ပြီးနောက် စစ်ကောင်စီက အခုလို အခြေခံစစ်သင်တန်းတွေကို စတင်ခဲ့တာပါ။

ရခိုင်ဒေသမှာ ရဲဝန်ထမ်းတွေရဲ့ဇနီးမယားတွေသင်တန်းပေးမှုကို ရက္ခိုင့်တပ်တော် (အေအေ) နဲ့စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ခဲ့ကြတဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ရပ်ထားခဲ့တာလို့လည်း သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.