ရန်ကုန်၊ ဇန်နဝါရီ(၂၆)

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ အခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ နှစ်လခွဲအတွင်း ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ်အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ နှစ်လခွဲအတွင်းမှာတော့ စစ်ကိုင်းတိုင်းက နေအိမ်အဆောက်အအုံ ၁၆,၂၄၆ လုံးထက်မနည်း၊ ရာခိုင်နှုန်းအနေနဲ့ ၆၀ ရာခိုင်နှုန်းကျော် ထပ်မံမြင့်တက်ခဲ့တာပါ။

မီးရှို့ဖျက်ဆီးခံရတဲအထိမှာ မြို့နယ်ပေါင်း ၁၀ ခု ထပ်တိုးလာသလို နေအိမ်၊ အဆောက်အအုံပေါင်း ၆၇၃ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ အများဆုံးဖြစ်ကာ နေအိမ်၊ အ ဆောက်အအုံ ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကနေ အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ပြည်နယ် ၇ ခုနဲ့ စစ်ကိုင်းတိုင်းအပါအဝင် တိုင်းဒေသကြီး ၅ ခုတို့မှာ နေအိမ်၊ အဆောက်အအုံပေါင်း ၅၇,၈၀၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

စစ်ကိုင်းတိုင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးအတွင်း နိုင်ငံတဝန်းရှိ နေအိမ်၊အဆောက်အအုံမီးရှို့ဖျက်ဆီးခံရမှု စုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းအထိ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

ဒီအချက်အလက်တွေဟာ လွတ်လပ်တဲ့သတင်းမီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေပြုပြီး လက်လှမ်းမီသလောက် စုစည်းထားတာ ဖြစ်ပေမယ့် မြေပြင်မှာ ဒီထက်အများကြီးပိုနိုင်တယ်လို့ ISP-Myanmar က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.