ရန်ကုန် ၊ ဇန်နဝါရီ (၂၆)

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေး ဒါမှမဟုတ် ငွေကြေးအထောက်အပံ့ပေးအပ်မှုမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၆၀ ကျော် ပါဝင်ပတ်သက်နေတယ်လို့ Justice for Myanmar က ဇန်နဝါရီ ၂၅ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

အစီရင်ခံစာအရ စစ်အုပ်စုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအစိုးရ ၂၂ ခု၊ ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့အပါအဝင် နိုင်ငံတကာအစိုးရအဖွဲ့အစည်း ၂၆ ဖွဲ့ ၊ နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်း ၈ ဖွဲ့နဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်း ၈ ဖွဲ့တို့ ဖြစ်ကြပါတယ်။

သံတမန်ဆက်ဆံရေးကတစ်ဆင့် စစ်အုပ်စုကို နိုင်ငံတကာဖိုရမ်တွေမှာ မြန်မာနိုင်ငံကိုယ်စား ဆုံးဖြတ် ချက်တွေ ချမှတ်နိုင်အောင် တရားဝင်မှုပေးအပ်တဲ့ လုပ်ရပ်တွေကတစ်ဆင့် နိုင်ငံရေးဆိုင်ရာပံ့ပိုးမှုနဲ့ စစ်အုပ်စုနဲ့ သူတို့ရဲ့ အကျိုးစီးပွားကို ထမ်းဆောင်နေသူတွေကို အသိပညာနဲ့ ကျွမ်းကျင်မှုတွေ လွှဲပြောင်းပေးမှုတို့ ပါဝင်တယ်လို့ Justice for Myanmar က ဆိုပါတယ်။

ဒါ့အပြင် ဘဏ္ဍာရေးနဲ့ မဟာဗျူဟာအရအရေးပါတဲ့ အခြေခံအဆောက်အဦးတွေ တည်ဆောက်တာအပါအဝင် ဖွံ့ဖြိုးရေးအကူအညီအဖြစ် ငွေပေးချေတာ၊ ချေးငွေထုတ်ပေးတာ၊ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက တိုက်ရိုက်ဝယ်တာ ဒါမှမဟုတ် သွယ်ဝိုက်ပြီး စီးပွားရေးလုပ်ဆောင်မှုကတစ်ဆင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုတွေလည်း အဓိက ပါဝင်နေတာပါ။

နိုင်ငံရေးဆိုင်ရာ ပံ့ပိုးကူညီတဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ခဲ့တဲ့ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၄၅ ခုတို့မှာ ကုလသမဂ္ဂအဖွဲ့အစည်း ၅ ဖွဲ့ အပါအဝင် စစ်အုပ်စုကို သူတို့ရဲ့ ခန့်အပ်လွှာတွေ ပေးတာ ဒါမှမဟုတ် သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးတာ ၁၂ ခု ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် အစိုးရ ၁၀ ဖွဲ့နဲ့ ကုလသမဂ္ဂအဖွဲ့အစည်း ၈ ဖွဲ့အပါအဝင် စစ်အုပ်စုအဖွဲ့ဝင်တွေကို အစည်း အဝေးနဲ့ အခမ်းအနားတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး တက်ရောက်စေခဲ့တဲ့ ၂၇ ဖွဲ့ နဲ့ စစ်အုပ်စု ကျင်းပတဲ့စစ်ရေးပြအ ခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်ငံတကာအစိုးရ ကိုယ်စားလှယ် ၈ ဦးတို့ ပါဝင်တယ်လို့ ဖော်ပြပါတယ်။

Justic for Myanmar ရဲ့အစီရင်ခံစာအရ မြန်မာစစ်အုပ်စုအတွက် နိုင်ငံရေးဆိုင်ရာပံ့ပိုးမှုတွေကို တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဆီက သိသာထင်ရှားစွာ တိုးမြှင့်ရရှိခဲ့သလို ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ကလည်း စစ်အုပ်စုကို ပုံစံမျိုးစုံနဲ့ ပံ့ပိုးမှုတွေပေးနေတဲ့ အရေးပါတဲ့ ပံ့ပိုးသူတွေအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

အဖွဲ့အစည်းတွေထဲက ၁၃ ဖွဲ့ကတော့ စစ်အုပ်စုအတွက် သူတို့ရဲ့ ပံ့ပိုးမှုတွေကို ရပ်တန့်ဖို့ အရေးယူဆောင် ရွက်မှုတွေကို မကြာမီက လုပ်ဆောင်ထားတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.