မော်လမြိုင်၊ ဇန်နဝါရီ(၂၅)

ကမ္ဘာ့ရေနံဈေး ပြန်လည်မြင့်တက်လာမှုနဲ့အတူ သယ်ပို့ဆောင်ရေး ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် မွန် ပြည်နယ်မှာ စက်သုံးဆီတစ်လီတာကို ကျပ် ၂၅၀၀ ကျော်အထိ ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ဇန်နဝါရီဒုတိယပတ်အတွင်း (၉၅) ဓာတ်ဆီ တစ်လီတာကို ကျပ်(၂၁၀၀) ဝန်း ကျင်သာရှိရာကနေ လက်ရှိမှာတစ်လီတာကို ကျပ်(၂၅၀၀) နီးပါးထိ မြင့်တက်လာသလို ဒီဇယ်ဈေးနှုန်းကလည်း ကျပ်(၂၃၀၀)ကနေ ကျပ်(၂၆၀၀)ကျော်အထိ ထပ်မံမြင့်တက်လာတာပါ။

ကမ္ဘာ့ရေနံဈေးနှုန်းဟာ အမေရိကန်မှာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာ၊ ရုရှား-ယူကရိန်းစစ်ပွဲတွေကြောင့် ရေနံတစ်စည်ကို ကန်ဒေါ်လာ ၇၆ ဝန်းကျင်ကနေ ၈၂ ဒေါ်လာအထိ ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။

စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက စက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက်လာရတာဟာ ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ မြန်မာငွေတန်ဖိုးကျဆင်းလာတဲ့ အခြေအနေနဲ့ အဓိကသက်ဆိုင်နေတယ်လို့ သုံး သပ်တာပါ။

“ဒါကတော့ ကမ္ဘာ့ဆီဈေးကလည်း ပြန်တက်သွားတယ်ဗျ။ ပြန်တက်သွားတယ်ဆို ပြီးခဲ့တဲ့ (၆)လဝန်းကျင်ဆိုရင် ဆီဈေးတွေက အကျဘက်ဖြစ်လာတယ်။ အကျဘက်ဖြစ်လာတော့ နည်းနည်းသက်သာတာပေါ့လေ။ ဥပမာ- ကမ္ဘာ့ရေနံဈေးစိမ်းက တစ်စည်ကို (၆၀)ကျော်ကျော်ထိကို ကျသွားတယ်။ (၆၇) (၆၅) ထိကို ကျသွားတယ်။ အခုဆိုရင်တော့ ကမ္ဘာ့ရေနံစိမ်းကတော့ (၈၀)ကျော်နေတာကို။ အဲဒါကိုက ကမ္ဘာ့ရေနံဈေးက တက်သွားတာလည်းပါတယ်။ နောက်ငွေကြေး မြန်မာငွေဈေးကျတာပေါ့လေ။ ဈေးကျတာလည်းပါတဲ့အခါကျတော့ ဆီဈေးက ပြန်တက်သွားတာပေါ့”လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် စက်သုံးဆီဈေးနှုန်းဟာ ဇန်နဝါရီလကုန်တဲ့အထိ အမြင့်ဈေးပဲဆက်ရှိနိုင်ပြီး ဈေးနှုန်းကျဆင်းလာဖို့ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

တဖက်မှာတော့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အငှားယာဉ်စီးနင်းသူတွေ မရှိသလောက် နည်းပါးလာသလို ဝင်ငွေနဲ့ထွက်ငွေ မမျှတော့တဲ့အတွက် အခက်ကြုံနေရတယ်လို့ အငှားယာဉ်မောင်းသူတစ်ဦးက ပြောပါတယ်။

“ဆီဈေးကတက်တော့ အခုသွားလာတဲ့သူ မရှိတော့ဘူး။ အခုမောင်းရဖို့ နေနေသာသာ ဆီဈေးကလည်းတက်တော့ ထိုင်နေရတယ်။ ဆီဈေးတက်ရင် ခရီးသည်ဆီမှာ တောင်းတဲ့ ပိုက်ဆံဈေးကတော့ တက်လို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အများကြီးတက်သွားရင်လည်း ဘယ်သူမှမစီးတော့ဘူး သေချာတာ တစ်ခုက။ အဲဒါကြောင့်မို့ အဆင်ပြေအောင်ပဲ ဆီပြန်ထည့်တဲ့အချိန်မှာတော့ ကိုယ့်ပိုက်ဆံကတော့ ပိုများသွားတာပေါ့။ ကိုယ်လက်ရှိရတဲ့ ပိုက်ဆံထက်စာရင် အရင်ကပိုက်ဆံ (၁၀၀၀၀) ကျန်ရင် အခုက (၅၀၀၀)လောက်ပဲ ကျန်တဲ့အချိန်မှာ ကိုယ့်ဘက်ကပဲ နစ်နာတာပေါ့။ နောက်ပြီး ပိုက်ဆံအရနည်းရင်တော့ မသွားဖို့ဘဲရှိတယ်။ မသွားရင်တော့ တစ်နေ့တစ်နေ့ဝင်ငွေက တဖြည်းဖြည်းနဲ့ ပိုနည်းလာတာပေါ့။ ဆီဈေးတက်လေ ဝင်ငွေနည်းလေပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီဈေးနှုန်းကြီးမြင့်တာကြောင့် ကုန်တင်ကားအပါအဝင် အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှုရပ်နားထားရတာရှိသလို တချို့ကုန်ကားပိုင်ရှင်တွေကတော့ ကုန်ကားအစီရေ လျော့ချပြေးဆွဲနေရတယ်လို့ သိရပါတယ်။

စက်သုံဆီဈေးနှုန်းဟာ စစ်တပ်အာဏာမသိမ်းခင်က တစ်လီတာကို ကျပ် ၆၀၀၀ ဝန်းကျင်သာ ရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် အရင်ကထက်ဈေးနှုန်း ၄ ဆနီးပါး မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်တာနဲ့ မကြာခဏပြတ်လပ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.