နေပြည်တော်၊ ဇန်နဝါရီ(၂၅)

မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေဖြစ်စေ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ စစ်ခေါင်း ဆောင်က အခိုင်အမာပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးပြီးတဲ့ EAO အဖွဲ့တွေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မူအနေနဲ့ သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံအဝန်းအကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ် မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ရမယ်လို့ စစ်ခေါင်း ဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်ကတော့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးရင် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေနဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်နိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့အတိုင်း မိမိတို့ဘက်ကနေ ကြိုတင်ဆောင်ရွက်ဖို့ လိုအပ်ချက်တွေကို ဆွေးနွေးဖို့ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲပြုလုပ်ဖို့ နိုင်ငံရေးပါတီတွေ ရှိနေရမှာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ ပြဋ္ဌာန်းနိုင်ဖို့လည်း အရေးကြီးတာကြောင့် လိုအပ်တာတွေ ထပ်မံသုံးသပ်ပြင်ဆင်ပြီးရင် အတည်ပြုထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်း ပဋိပက္ခတွေကြားမှာ ရွေး ကောက်ပွဲကျင်းပဖို့ မသေချာမရေရာမှုတွေရှိနေပြီး လုံခြုံရေးအတွက်လည်း စိုးရိမ်စရာတွေ ရှိနိုင်တယ်လို့ ထောက်ပြကြပါတယ်။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီတွေကို မှတ်ပုံတင်ဆောင်ရွက်ရာမှာ ဖွဲစည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ နိုင်ငံရေးပါတီတွေမဖြစ်ဖို့လိုအပ်ပြီး ရွေးကောက်ပွဲကော်မရှင်ရုံးတွေကို အပြည့်အစုံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးရှိ စာရင်းဇယားတွေ မှန်ကန်စွာရရှိမှသာ မဲစာရင်းတွေ မှန်ကန်မှာဖြစ်ပြီး ရွေး ကောက်ပွဲကို အကြားအလပ်မရှိကျင်းပနိုင်ဖို့ သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲ၊ စနစ်ကျတဲ့ ရွေးကောက် ပွဲဖြစ်ရေး လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က အမှာစကားပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေပြီး စတင်ကောက်ယူခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကနေ လက်ရှိအထိ စာရင်းကောက်ယူရေးအဖွဲ့တွေနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးတွေဟာ ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.