ဟယ်ဆင်ကီ၊ ဇန်နဝါရီ(၂၅)

စတော့ဟုမ်းရဲ့အဆိုပြုမှုမှာ အတည်ပြုဖို့အချိန်ပိုယူရမယ်ဆိုပါက ဖင်လန်နိုင်ငံဟာဆွီဒင်မပါဘဲ နေတိုးအဖွဲ့ ကို ဝင်ရောက်ဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ပက်ကာဟာဗစ်စတိုက ဖင်လန်အများ ပိုင်ရုပ် သံလွှင့်ကုမ္ပဏီနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟာ မကြာသေးမီက ဆွီဒင်နိုင်ငံရှိဆန္ဒပြသူတွေကို ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ရဲ့ လုံခြုံရေး အတွက်ကစားနေခြင်းဖြစ်ပြီး နော်ဒစ်နိုင်ငံတွေ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ခွင့်ပြုခြင်းကို သဘောမတူဖို့ တူရကီ ကို တမင်တကာ နှိုးဆော်ခဲ့တာဖြစ်တယ်လို့ ပြောကြားကာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။  

ဆွီဒင်နဲ့ ဖင်လန်တို့အတွက် မေလမှာကျင်းပမယ့် တူရကီ ရွေးကောက်ပွဲမတိုင်မီအထိ နေတိုးအဖွဲ့ဝင်အဖြစ် အဆိုပြုချက်ကို မြို့တော်အန်ကာရာက အတည်ပြုရန် မမျှော်လင့်ကြောင်း သူက ဆက်လက် ပြောပါသေး တယ်။

အစောပိုင်းက တူရကီသမ္မတ ရီဆက်အာဒိုဂန်က စကင်ဒီနေးဗီးယားနိုင်ငံမှာ အထူးသဖြင့် မွတ်စ်လင်မ်တွေရဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်မှုကို လေးစားတဲ့မည်သူမဆို စော်ကားခြင်းဖြစ်တဲ့ အကျည်းတန်လုပ်ရပ် အပြီးမှာ နေတိုးအဖွဲ့ကိုဝင်ရောက်ဖို့ ဆွီဒင်ကို မထောက်ခံနိုင်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာဘဲ စကင်ဒီနေးဗီးယားနိုင်ငံနှစ်နိုင်ငံစလုံးဟာ မဟာမိတ်အဖွဲ့ထဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန်က ဆိုပါတယ်။

ဆွီဒင်နဲ့ ဖင်လန်တို့ဟာ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် နေတိုးအဖွဲ့မှာပါဝင်ဖို့ ယမန်နှစ်က လျှောက် ထားခဲ့ပြီး ဒီနိုင်ငံတွေရဲ့လျှောက်ထားမှုနဲ့ အတူရှေ့ကိုဆက်သွားဖို့ လက်ရှိနေတိုးနိုင်ငံအားလုံးရဲ့ ထောက်ခံမှုကို လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံခြားရေးဝန်ကြီးက ဖင်လန်၊ ဆွီဒင်နဲ့ တူရကီတို့ကြား မြောက်ပိုင်းနှစ်နိုင်ငံ နေတိုးစစ်မဟာမိတ် အဖွဲ့ကိုပူးပေါင်းဖို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီးဆွေးနွေးပွဲတွေမှာ ရက်သတ္တပတ်များစွာ ခေတ္တရပ်နားထားဖို့ လိုအပ်ကြောင်း ရိုက်တာနဲ့ တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ပါတယ်။

“သုံးနိုင်ငံ ဆွေးနွေးပွဲကို ပြန်မသွားခင်မှာ ခေတ္တရပ်ပြီး လက်ရှိ အခြေအနေအပြီးမှာ ဘယ်နေရာမှာ ရှိနေလဲဆိုတာ အဖြေရှာဖို့လိုပါတယ်။ ဒါကြောင့် ကောက်ချက်မဆွဲရသေးဘူး” လို့ နိုင်ငံခြားရေးဝန်ကြီး ဟာဗစ်စတိုက ပြောကြားခဲ့ပါတယ်။

ဖင်လန်နဲ့ဆွီဒင်တို့ဟာ မဟာမိတ်အဖွဲ့ကို ပူးပေါင်းဖို့ အတူတကွ စီစဉ်နေကြောင်း ထပ်ခါတလဲလဲ ပြောကြားခဲ့ပြီး အဲဒီအခြေအနေဟာပြောင်းလဲခြင်းမရှိကြောင်းနဲ့ ဖင်လန်က ဆွီဒင်မပါဘဲ ရှေ့ကို ဆက်သွားနိုင်မလားလို့ မေးတဲ့ အခါ သူက “အဲဒီအကြောင်း ဆွေးနွေးဖို့ မလိုအပ်ဘူးလို့ ကျွန်တော် ထင်တယ်” လို့ ဖြေကြားခဲ့တာပါ။

ဒါပေမယ့်လည်း သူ့ရဲ့ထင်မြင်ယူဆချက်ဟာ ဖင်လန်အသံလွှင့်ကုမ္ပဏီအတွက် သူပေးခဲ့တဲ့ ထုတ်ပြန်ချက်နဲ့ ဆန့်ကျင်ဘက်အနေအထား ဖြစ်နေတာလည်း ဖြစ်ပါတယ်။

Ref: Novinite.com, Sofia 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.